Loading...

◾️ ထပ်ဆင့်အကယ်ဒမီ မေသန်းနုနှင့်တွေ့ဆုံခြင်း "လူတစ်ယောက်ရဲ့ တာဝန်ကျေမူ၊ စိတ်ဝင်စားမှု ဘယ်လိုဆိုတာ မဆင့်တို့ကို ဒီဇာတ်ကားထဲမှာ အား

2017-12-05

◾️ ထပ်ဆင့်အကယ်ဒမီ မေသန်းနုနှင့်တွေ့ဆုံခြင်း

"လူတစ်ယောက်ရဲ့ တာဝန်ကျေမူ၊ စိတ်ဝင်စားမှု ဘယ်လိုဆိုတာ မဆင့်တို့ကို ဒီဇာတ်ကားထဲမှာ အားလုံးသတိထားမိမှာပါ"

ထပ်ဆင့်အကယ်ဒမီဒါရိုက်တာစင်ရော်မောင်မောင်နှင့် ထပ်ဆင့်အကယ်ဒမီ မေသန်းနုတို့ ၁၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်တွဲဖက်ရိုက်ကူးထားသည့် "ထာဝရအမေ" နိုင်ငံတကာအဆင့်မီရုပ်ရှင်ဇာတ်ကားကြီးတွင် ၀တ္ထုဒေါက်တာခင်မောင်ဝင်း၊ ဇာတ်လမ်းမိုနီလွင်၊ ဒါရိုက်တာစင်ရော်မောင်မောင်ရိုက်ကူးထားကာ အကယ်ဒမီနေတိုး၊ အကယ်ဒမီဝတ်မှုံရွှေရည်၊ အကယ်ဒမီရဲအောင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၈ ရက်တွင် ရုံတင်ပြသမည်ဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကားကြီးတွင် ဒေါက်တာခင်မောင်ဝင်း၏ မိခင် ဒေါ်ခင်ခင်နေရာတွင် ပါဝင်သရုပ်ဆောင်ထားသည့်အကြောင်း၊ သားဖြစ်သူမင်းသန့်မောင်မောင်ကို ဂိုက်လိုင်းပေးဖြစ်သည့်အကြောင်းနှင့်စပ်လျဉ်း၍ ထပ်ဆင့် အကယ်ဒမီမေသန်းနုနှင့်တွေ့ဆုံခိုက် မေးမြန်းခဲ့သည် -

မေး - ဆရာကြီး ဒေါက်တာခင်မောင်ဝင်းရဲ့မိခင် ဒေါ်ခင်ခင်နေရာက သရုပ်ဆောင်ဖို့အတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ခဲ့ရပါသလဲ။

ဖြေ - ဒီဝတ္ထုကို ဖတ်လိုက်ကတည်းက မဆင့်တို့မှာ တာဝန်အရမ်းကြီးသွားပြီလို့ သိလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအပြင်မှာ တကယ်သက်ရှိထင်ရှားရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ ကာရိုက်တာကို ရိုက်ရတာဆိုတော့ သတိထားရတာပေါ့။ မှားလို့လည်းမရဘူး။ အနီးစပ်ဆုံး ထပ်တူကျအောင် မဆင့်တို့ ကြိုးစားရတာပေါ့။ အဲဒီတော့ အဝတ်အစားအပြင်အဆင်၊ ဒေါ်ခင်ခင်ရဲ့ပုံစံလေးတွေ၊ အယ်လ်ဘမ်လေးတွေ၊ ဆရာ့ဆီက တောင်းယူရတယ်။ ပြီးတော့ အညာပုံစံလေးတွေ ကြိုတင်ပြင်ဆင်ခဲ့ရတာပေါ့။

မေး - ဒီဇာတ်ကားကြီးရိုက်ကူးချိန်မှာ အခက်အခဲတွေရှိခဲ့ရင် ပြောပါဦး။

ဖြေ - မဆင့်အနေနဲ့ အခက်အခဲကတော့ မရှိပါဘူး။ ဒါက လူတစ်ယောက်ရဲ့ တာဝန်ကျေမှု၊ စိတ်ဝင်စားမှု ဘယ်လိုဆိုတာ မဆင့်တို့ကို ဒီဇာတ်ကားထဲမှာ အားလုံးသတိထားမိမှာပါ။ အဝတ်အစားဆိုလည်း အရင်ခေတ်က အဝတ်အစားတွေကို အစအဆုံး တစ်ကားလုံးစာ ချုပ်ရတယ်။ ခေတ်တွေကပြောင်းနေတော့ လိုက်ပြီးပြောင်းပေးရတာပေါ့။ လူလတ်ပိုင်းကနေ လူကြီး၊ အဘွားကြီးဖြစ်တဲ့အထိ တဖြည်းဖြည်းသွားတဲ့အခါကျတော့ မိတ်ကပ်ကအစ၊ အဝတ်အစားကအစ မဆင့်တို့ချိန်ပြီး သတိထားရပါတယ်။

မေး - ဆရာကြီးကိုယ်တိုင်က မဆင့်ရဲ့သရုပ်ဆောင်မှုကိုတွေ့ရတော့ သူ့ရဲ့အမေကို ပြန်တွေ့နေရသလို ခံစားမိတယ်လို့ ပြောတယ်။ မဆင့်အနေနဲ့ရော ဒေါ်ခင်ခင်နဲ့မတူမှာစိုးတဲ့ စိုးရိမ်မှုတွေရှိခဲ့လား ပြောပါဦး။

ဖြေ - အဓိက ဒေါ်ခင်ခင်ဖြစ်ဖို့ပေါ့။ ဆရာ့ရဲ့အမေဆိုတော့ တာဝန်လည်းကြီးတယ်။ ဒီမိသားစုကိုဦးဆောင်တဲ့ မဆင့်ရဲ့ကာရိုက်တာက နဂိုက နည်းနည်းပျော့တယ်လေ။ ပျော့တဲ့အခါကျတော့ ကာရိုက်တာဝင်အောင် သတိထားရပါတယ်။

မေး - ဒေါ်ခင်ခင်ရဲ့နေရာမှာ သရုပ်ဆောင်နေတဲ့အခါ သားလေး မင်းသန့်မောင်မောင်အတွက်ရော ဘယ်လိုခံစားချက်တွေ ဖြစ်ခဲ့လဲ။

ဖြေ - သားလေးကိုလည်း အဲဒီလိုမျိုး မဆင့်က ဂိုက်လိုင်းပေးချင်တယ်။ ဒါပေမဲ့ ဒီခေတ်က အရင်ခေတ်နဲ့မတူဘူး။ တချို့အမေတွေက ဂိုက်လိုင်းမပေးဘူး။ စီးပွားရှာရတယ်။ တချို့အမေတွေက ဆုံးမတယ်။ ဒါပေမဲ့ ခံယူတတ်တဲ့ သားသမီးတွေကရှိဦးမှ။ တချို့ကလည်း ကိုယ်ဝါသနာပါရာ၊ ကိုယ်ထင်ရာလုပ်တတ်တဲ့ သားသမီးတွေကလည်းအများကြီးဆိုတော့ မတူကြဘူးပေါ့။ ဒါပေမဲ့ ဆရာတို့ရဲ့သားသမီးတွေကျတော့ အမေပုံသွင်းတဲ့ဟာကို အားလုံးဝင်ကြတာပေါ့။ လိမ္မာတဲ့မိသားစုတွေပေါ့နော်။ စည်းလုံးတဲ့မိသားစုတွေဆိုတော့ အားလုံးအတွက်စံပြပေါ့။ မဆင့်တို့မှာလည်း သားသားကို ပြောကြည့်တယ်။ တစ်ခါတလေကျနားထောင်တာလည်း ရှိတယ်။ နားမထောင်တာလည်းရှိတယ်။ ခေတ်လူငယ်က မတူဘူးလေ။ သူတို့စိတ်ကသူတို့ ဝါသနာပါရာ၊ သူတို့လုပ်ချင်တာကိုပဲ မဆင့်တို့က ဘေးနားကနေလိုက်ပြီး ထိန်းတာပဲရှိတယ်။ အခြေအနေက သိပ်မတူတော့ဘူး။ ဖြစ်စေချင်တာပေါ့ နော်။ အဲဒီဇာတ်ကားထဲကအတိုင်းပါ။

မေး - ဒီဇာတ်ကားလာကြည့်မယ့် ပရိသတ်အတွက် ဘယ်လိုရသတွေပေးနိုင်မလဲ။

ဖြေ - ဒီကားကိုကြည့်တဲ့ ပရိသတ်အတွက်ကတော့ အထူးသဖြင့် လူတိုင်း အမေကိုသတိရကြမယ်။ ကျေးဇူးတွေတင်ကြမယ်။ မေ့နေတဲ့သူတွေရှိရင်လည်း ပိုပြီးသတိရသွားအောင်ပေါ့။ တချို့တွေဆို အမေကရှိတယ်။ အလုပ်တွေများပြီး မေ့နေတဲ့ သားသမီးတွေလည်းရှိတယ်လေ။ အဲဒီလိုမျိုးတွေပေါ့။ ဒီကားလေးကအားလုံးအတွက် တစ်ခုခုတော့ ရင်ထဲမှာကျန်ခဲ့လိမ့်မယ်ပေါ့နော်။ လာပြီးလည်း အားပေးစေချင်ပါတယ်။

မေး - မဆင့်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကို ပြောပြပေးပါ။

အခုလက်ရှိက မဆင့် ဒါရိုက်တာစတီးလ် ရိုက်နေတဲ့ "ကျွေးတဲ့လက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရိုက်ကူးနေပါတယ်။ ရန်ကုန်မှာပဲ ရိုက်ထားတာပါ။ နောက်တခြားတော့ ထွေထွေထူးထူးမရှိသေးပါဘူး။

မေး - ကာရိုက်တာလေးလည်း ပြောပေးပါဦး။

ဖြေ - ကာရိုက်တာက ရွှေသမီးရဲ့အမေပေါ့။ ယောင်္ကျားက ကုန်သည်။ အဲဒီမှာ မှောင်ခိုဆေးဝါးတွေပါတာပေါ့။ ဒီအသိုင်းအဝိုင်းမှာရှိတဲ့ ဂျစ်ကန်ကန် ကောင်လေးထွန်းထွန်းနဲ့ သမီးကကြိုက်တယ်။ သမီးကပြောလို့ဆိုလို့သိပ်မရတော့ အမေက ဆုံးမရတာပေါ့။ အဲဒီအမေနေရာက ရိုက်ကူးရတာပါ။

မေး - မဆင့်ကို အခုချိန်ထိ အားပေးနေတဲ့ပရိသတ်ကြီးကို ဒီဇာတ်ကားအတွက် ဖိတ်ခေါ်ပေးပါဦး။

ဖြေ - ဒီကားလေးကို လာပြီးအားပေးပါလို့ မဆင့်တို့က ဖိတ်ခေါ်ချင်ပါတယ်။ ပညာလည်း ရတာပေါ။့ မေတ္တာကတော့ လူတိုင်းရှိတယ်။ ယောင်္ကျားလေးရော မိန်းကလေးပါ တစ်ချိန်ကြရင် မိဘတွေဖြစ်လာကြမှာလေ။ ဒီကားလေးက ကြည့်သင့်ပါတယ်။

Other news