Loading...

◾️ အီဂျစ်ဝန်ကြီးချုပ်ဟောင်းအာမက်ရှာဖစ် ပြန်ပေးဆွဲခံရခြင်း မဟုတ်ကြောင်း ပြောဆို

2017-12-05

◾️ အီဂျစ်ဝန်ကြီးချုပ်ဟောင်းအာမက်ရှာဖစ် ပြန်ပေးဆွဲခံရခြင်း မဟုတ်ကြောင်း ပြောဆို

ကိုင်ရို၊ ဒီဇင်ဘာ-၎

အီဂျစ်ဝန်ကြီးချုပ်ဟောင်း အာမက်ရှာဖစ်က ၎င်းအား ပြန်ပေးဆွဲသွားပြီ ဆိုသော သတင်းမှာမဟုတ်မှန်ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းစဉ် ဖြေဆိုကြောင်း ရုပ်သံဖြင့် တိုက်ရိုက်ထုတ်လွှင့်သည်။

မစ္စတာရှာဖစ်အီဂျစ်နိုင်ငံသို့ ရောက်ပြီးနောက် သူတို့အနေဖြင့် ဆက်သွယ် မရကြောင်း၊ ၎င်းအားသတ်ပစ်မည်ကို စိုးရိမ်ကြောင်း ၎င်း၏ မိသားစုက ပြောကြားထားသည်။

၎င်းအနေဖြင့် ပြည်ပတွင် ငါးနှစ်ကြာနေထိုင်ပြီးနောက် ၎င်းအား အာရပ် စော်ဘွားများနိုင်ငံ(ယူအေအီး)က ဒီဇင်ဘာ ၂ ရက်က ပြည်နှင်ဒဏ်ပေး လိုက်သည်။

မစ္စတာရှာဖစ်က ၂၀၁၈ ခုနှစ် အီဂျစ်သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် ၎င်းအား အာရပ်စော်ဘွားများနိုင်ငံက နှင်ထုတ်လိုက်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် အီဂျစ်သမ္မတရွေးကောက်ပွဲဝင်ရောက်ရေးအစီအစဉ်ကို ယခုအခါ ပြန်လည်စဉ်းစားလျက်ရှိကြောင်း မစ္စတာရှာဖစ်က ပြောကြား လိုက်သည်။

မစ္စတာရှာဖစ်အား ကိုင်ရိုမြို့ရှိ ဟိုတယ်တစ်ခုတွင်တွေ့ခဲ့ရကြောင်း ၎င်း၏ ရှေ့နေ မီးစ်ဒိုင်နက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။