Loading...

◾️ ကြယ်ကြည့်သူတို့ရဲ့ ခြေလှမ်းသစ် "ကြယ်ကို ညဘက်ကြည့်မယ်ဆိုရင် မကြည့်ခင် ညနေစောင်းလောက်ကတည်းက တယ်လီစကုပ်တွေကိုဆင်ရပါတယ်၊၊ ညဘက်ကျ

2017-12-05

◾️ ကြယ်ကြည့်သူတို့ရဲ့ ခြေလှမ်းသစ်

"ကြယ်ကို ညဘက်ကြည့်မယ်ဆိုရင် မကြည့်ခင် ညနေစောင်းလောက်ကတည်းက တယ်လီစကုပ်တွေကိုဆင်ရပါတယ်၊၊ ညဘက်ကျရင် အလင်းကိုတတ်နိုင်သလောက် ပြင်ပအလင်းရောင်ကို လျှော့ချရပါတယ်၊၊ တစ်ခါတလေ လက အရမ်းလင်းနေရင်တောင် ကြယ်တွေကြည့်ဖို့ အဆင်မပြေပါဘူး၊၊ အလင်းရောင်နည်းတဲ့နေရာတွေဖြစ်တဲ့ လယ်ကွင်းပြင်တို့ကကြည့်မယ်ဆိုရင် ကောင်းကင်ပြင်တစ်ခုလုံးကိုပန်းချီကားတစ်ချပ်လို ကြည့်နိုင်မှာပါ"

ညအခါ ကျယ်ပြောလှသော ကောင်းကင်ပြင်ကြီးကိုမော့ကြည့်လိုက်လျှင် တဖိတ်ဖိတ်တောက်နေသော ကြယ်တာရာများကို မြင်တွေ့ကြရမည်ဖြစ်သည်။ ယခုရာသီမှာ ကမ္ဘာတစ်ဝန်းမှ နက္ခတ်တာရာလေ့လာသူများ ကြယ်ကြည့်သည့်အချိန် လည်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင်ပါဝင်နေပြီး ဆောင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် ကောင်းကင်တွင်တိမ်များရှင်းပြီး ကြယ်ကြည့်ရန်ကောင်းသော ရာသီဖြစ်သည်ဟု နက္ခတ်တာရာလေ့လာသူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် နက္ခတ်တာရာကို သိပ္ပံပညာရပ်ရှုထောင့်မှ စူးစမ်းလေ့လာမှုလုပ်သည့်အဖွဲ့အနည်းငယ်သာရှိပြီး ယင်းတို့အနက်မှတစ်ဖွဲ့ဖြစ်သည့် အာကာသနှင့်စကြ၀ဠာအဖွဲ့က နက္ခတ်တာရာကြည့်မှန်ပြောင်းများဖြင့် ကြယ်များကို လေ့လာကြည့်ရှုရန်အတွက် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်သို့ နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်အထိ နှစ်ရက်တိုင် သွားရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ကြယ်တာရာများကို ကြည့်ရှုကြသည့်အခါတွင် များသောအားဖြင့် သာမန်သာကြည့်လေ့ရှိပြီး သိပ္ပံပညာရပ်ရှုထောင့်မှ စူးစမ်းလေ့လာမှုများက အလွန်နည်းပါးနေသေးသည်။

"ကမ္ဘာကြီးရဲ့ မြောက်ဘက်ခြမ်း ဆောင်းရာသီကိုဝင်လာပြီ။ ဒီချိန်ကတော့ ကြယ်ကြည့်တဲ့ရာသီပဲ။ ဒီရာသီဆိုရင် မိုးလွတ်သွားပြီ။ တိမ်တွေလည်း တော်တော်လေးရှင်းသွားပြီ။ အေးတဲ့အခါ ဖုန်တွေလည်း သိပ်မထတော့ဘူး။ လေထုလည်း ငြိမ်ပြီး ကောင်းကင်မှာလည်း ကြယ်တွေအများကြီးထွက်တယ်။ ဒီလိုအချိန်က ကြယ်ကြည့်လို့ကောင်းတဲ့အချိန်ပဲ"ဟု မြန်မာသိပ္ပံနှင့် နက္ခတ်တာရာဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းမြင့်က ဆိုသည်။ ၎င်းခရီးစဉ်တွင် အာကာသနှင့် သိပ္ပံကိုစိတ်ဝင်စားသည့် လူငယ်များ၊ လေ့လာနေသောပညာရှင်များစွာ ပါဝင်ခဲ့သည်။

"ဒီလိုမျိုးတစ်ခါမှတော့ မကြည့်ဖူးဘူး။ ပုံမှန်ကတော့ ကြယ်တွေကိုစိတ်ဝင်စားလို့ ဒီတိုင်းပဲကြည့်ဖူးတယ်။ ဒီခရီးစဉ်မှာ ကြယ်ကြည့်ဖို့ စိတ်တော်တော်လေးလှုပ်ရှားနေပါတယ်။ ငယ်ငယ်တုန်းကတည်းက ကြယ်ကြည့်တာ ဝါသနာပါတယ်ဆိုတော့ ခုအပြင်မှာ တယ်လီတွေနဲ့ ကြည့်ရတော့မှာမို့ တော်တော်ဝမ်းသာနေတယ်"ဟု အာကာသနှင့် စကြ၀ဠာ ခရီးစဉ်တွင်လိုက်ပါခဲ့သူ ကိုသန့်စင်မိုးက ကြယ်ကြည့်ခရီးစဉ် မစတင်မီတွင် ပြောသည်။

ရှေးအခါက လူများသည် ကြယ်များပြည့်နေသည့် ညကောင်းကင်ကိုမော့ကြည့်သည့်အခါ ကြယ်အစုအဝေးတို့တွင် ရုပ်ပုံအသွင်များ ထင်မြင်ခဲ့ကြသည်။ ၎င်းရုပ်ပုံသွင်ပြင်တို့ကို နက္ခတ်တာရာကြယ်စုများဟုခေါ်ကြပါသည်။ ကမ္ဘာ၏ဝင်ရိုးတိမ်းစောင်းကာ နေကိုလှည့်ပတ်သွားနေခြင်းကြောင့် တစ်နှစ်တာအတွင်း ကြယ်စုအမျိုးမျိုးကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။ ဩစတြေးလျစသည့် ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများသည် မြောက်ဘက်ခြမ်းမှမမြင်နိုင်သည့် ကြယ်စုများကို မြင်နိုင်ပါသည်။

ကြယ်သည် ပူပြင်းတောက်လောင်သည့် ဓာတ်ငွေ့လုံး ကြီးတစ်လုံးဖြစ်ပါသည်။ ဓာတ်ငွေ့မှာ ဟိုက်ဒရိုဂျင်အများ စုနှင့် ဟီလီယံတို့ ဖြစ်ကြပါသည်။ ကြယ်များက အပူ၊ အလင်းရောင်နှင့် အခြားစွမ်းအင်အမျိုးအစားများကို ထုတ်လွှတ်ပေးပါသည်။ လည်ပတ်နေသည့် ဓာတ်ငွေ့နှင့် ဖုန်မှုန့်တိမ်ထုများမှ ကြယ်များမွေးဖွားလာပါသည်။ ဓာတ်ငွေ့နှင့် ဖုန်မှုန့်များကို ဆွဲအားက ဆွဲစုပေးကာ လည်ပတ်နေသည့် ဓာတ်ငွေ့ဖုန်မှုန့်လုံးကြီးဖြစ်လာပြီး လည်ပတ်ရင်းဖြင့် ပိုပူလာပါသည်။ ဓာတ်ငွေ့ဖုန်မှုန့်များ သိပ်သည်းစုစည်းလာပြီး နောက်ဆုံးနျူကလီးယားပေါင်းစပ်မှု စတင်ကာ ကြယ်သည်စတင်၍ လင်းတောက်လာပါသည်။

နက္ခတ်တာရာကိုကြည့်ရန် နက္ခတ်တာရာကြည့်မှန်ပြောင်းများကို ပြင်ဆင်ရပြီး နက္ခတ်တာရာကြည့်ရှုမှုကို မြို့တွင်းနေရာများတွင်မကြည့်ရှုဘဲ လွင်ပြင်၊ တောင်ကုန်း အစရှိသည့် အလင်းရောင်ရရှိမှုနည်းသည့်နေရာများတွင် ကြည့်ရှုခြင်းက ပိုသင့်တော်သည်ဟု သိရသည်။ ကြယ်တာရာများကို ကြည့်မည်ဆိုလျှင် မျက်လုံးအသားကျနိုင်ရန်အတွက် အမှောင်ထဲမှာပင် မျက်လုံးကိုနာရီဝက်ခန့် အချိန်ယူကြရသည်ဟု သိရသည်။

"ကြယ်ကို ညဘက်ကြည့်မယ်ဆိုရင် မကြည့်ခင် ညနေစောင်းလောက်ကတည်းက တယ်လီစကုပ်တွေကိုဆင်ရပါတယ်။ ညဘက်ကျရင် အလင်းကိုတတ်နိုင်သလောက် ပြင်ပအလင်းရောင်ကို လျှော့ချရပါတယ်။ တစ်ခါတလေ လက အရမ်းလင်းနေရင်တောင် ကြယ်တွေကြည့်ဖို့ အဆင်မပြေပါဘူး။ အလင်းရောင်နည်းတဲ့နေရာတွေဖြစ်တဲ့ လယ်ကွင်းပြင်တို့က ကြည့်မယ်ဆိုရင် ကောင်းကင်ပြင်တစ်ခုလုံးကို ပန်းချီကားတစ်ချပ်လို ကြည့်နိုင်မှာပါ"ဟု အာကာသနှင့် စကြာဝဠာခရီးစဉ် ကိုဦးဆောင်သည့် ဒေါက်တာသန့်ထူးအောင်က ပြောသည်။

ဆက်လက်ပြီး "အင်တာနက်တွေ၊ သတင်းပေ့ခ်ျတွေမှာ မြင်ရတဲ့ပုံတွေကို အပြင်မှာကိုယ်တိုင်မြင်ချင်တာ။ ကျွန်တော်ဝယ်ထားတဲ့ တယ်လီစကုပ်တွေက နက်ဗြူလာ(ကြယ်စု)တွေကိုတော့ ကောင်းကောင်းမမြင်ရဘူး။ ဒါပေမဲ့ ဂြိုဟ်တွေ၊ လတွေကို မြင်ရတယ်။ အဓိကကတော့ လပေါ်ကချိုင့်ခွက်တွေကို အနီးကပ်မြင်ဖူးချင်တယ်။ ပြီးတော့ စေတန်တို့၊ မားစ်တို့ကို မြင်ရတယ်" ဟု မန္တလေးမှ လာရောက်ကြယ်ကြည့်သူ ကိုအောင်ကျော်ဟိန်းက ဆိုသည်။

ညဘက်အိမ်အပြင်ထွက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်လျှင် တဖျတ်ဖျတ်နှင့်တောက်ပနေသော အလင်းစက်များကို နေရာအနှံ့မြင်တွေ့ရမည်ဖြစ်ပြီး မိုင်သန်းပေါင်းများစွာဝေးနေသော ကြယ်ထောင်ပေါင်းများစွာကို မြင်တွေ့နေရခြင်း ပဲဖြစ်ပါသည်။ ကြယ်များကို သေးကွေးစွာမြင်တွေ့နေရခြင်းမှာ ဝေးလွန်းသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ကမ္ဘာနှင့် အနီးကပ်ဆုံးကြယ်မှာ နေဖြစ်ပြီး သက်တမ်းနှစ်သန်းပေါင်း ၄၆၀၀ ရှိပြီဖြစ်သည်။ အာကာသနှင့်စကြ၀ဠာအဖွဲ့၏ ပထမဆုံး နက္ခတ်တာရာကြည့်ရှုမှုမှာ နှစ်ရက်တာခရီးစဉ်ပြီးဆုံးခဲ့ပြီးနောက် ပင်လယ်ကမ်းခြေ၊ တောင်ပေါ်နှင့်မြေပြန့် စသည့်နေရာများ၌ Star Party များကို ထပ်မံပြုလုပ်သွားမည်ဟု သိရသည်။

ကြယ်ကြည့်ခရီးစဉ်စတင်ရန်အတွက် သွားရောက်မည့် အနေအထားပေါ်မူတည်ပြီး သွားလာနေထိုင်ရမည့် ကုန်ကျ စရိတ်များရှိသကဲ့သို့ နက္ခတ်တာရာမှန်ဘီလူးနှင့် အထောက်အကူပစ္စည်းများမှာလည်း ကျပ်သိန်းဂဏန်းမှ သိန်းရာကျော် အထိရှိနေသည်။

ကမ္ဘာမြေမှ ကောင်းကင်ပြင်ကြီးကိုလှမ်းကြည့်လိုက်၍ မြင်တွေ့နေရသည့် ကြယ်များ၊ ဂြိုဟ်များ၊ ဂြိုဟ်ရံလများကို သာမန်မျက်လုံးနှင့်ကြည့်ပြီး ရိုးရှင်းသည့်ရသခံစားမှုတစ်ခုထက်ပို၍ သိပ္ပံဆိုင်ရာချဉ်းကပ်မှုများအပြင် ကမ္ဘာ့အပြင်ဘက်ကို လေ့လာစူးစမ်းလိုသည့်ဆန္ဒများနှင့် နက္ခတ်တာရာကြည့်အလေ့အထများ ပြည်တွင်း၌ ရှိလာနေပြီဖြစ်သည်။

ဖြူဖြူခိုင်၊ သက်ဝေနှင်း

Other news
  • ◾️ ကြယ်ကြည့်သူတို့ရဲ့ ခြေလှမ်းသစ် "ကြယ်ကို ညဘက်ကြည့်မယ်ဆိုရင် မကြည့်ခင် ညနေစောင်းလောက်ကတည်းက တယ်လီစကုပ်တွေကိုဆင်ရပါတယ်၊၊ ညဘက်ကျ