Loading...

◾️ သရုပ်ဆောင်ရွှေစင်နှင့် တွေ့ဆုံခြင်း

2017-12-05

◾️ သရုပ်ဆောင်ရွှေစင်နှင့် တွေ့ဆုံခြင်း

"စင်က အလုပ်နဲ့ပတ်သက်ပြီး အရမ်းနှမြောတတ်တယ်"

အလှဓာတ်ပုံအလန်းများကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသော မော်ဒယ်လ်၊ သရုပ်ဆောင်ရွှေစင်သည် မဂ္ဂဇင်း၊ ဂျာနယ်၊ ကြော်ငြာများ၊ အလှမယ်ပြိုင်ပွဲများတွင်လည်းကောင်း၊ ဒိုင်အဖြစ်လည်းကောင်း ပရိသတ်များနှင့် အဆက်အသွယ်မပြတ်အောင် အနုပညာလှုပ်ရှားမှုများ လုပ်ကိုင်လျက်ရှိသူလည်း ဖြစ်သည်။

ဒါရိုက်တာ ကျော်နှင်းဆီ လျှို့ဝှက်သည်းဖိုပုံစံဖြင့်ရိုက်ကူးထားသော "အနက်ရောင်သင်္ကေတ"ဇာတ်ကားတွင် ပါဝင်ရိုက်ကူးထားသည့်အကြောင်း၊ မြန်မာပြည်တွင်း မြိတ်ကျွန်းစု ခရီးသွားပရိုဂရမ် ရိုက်ကူးထားသည့်အကြောင်းနှင့်စပ်လျဉ်း၍ သရုပ်ဆောင်ရွှေစင်နှင့်တွေ့ဆုံခိုက် မေးမြန်းခဲ့သည် -

မေး - စင်ရဲ့ "အနက်ရောင်သင်္ကေတ" ရိုက်ကူးထားတာလေး ပြောပါဦး။

ဖြေ - အဲဒီဇာတ်ကားမှာက အဓိကဇာတ်ကိုကြိုက်လို့ လက်ခံရိုက်ကူးဖြစ်တာပါ။ မင်းသားကတော့ မင်းမြတ်စိုးစံ(မင်းလူလူ)နဲ့ ဒါရိုက်တာက ကျော်နှင်းဆီပါ။ ဒီဇာတ်ကားမှာက ကင်မရာအဟောင်းကြီးတစ်ခုကို ရတဲ့အချိန်မှာ ဒီကင်မရာကြီးက ရှေ့ဖြစ်တွေဟောနေတာပေါ့။

မေး - စင့်အနေနဲ့ ပါဝင်သရုပ်ဆောင်တာကို ပြောပါဦး။

ဖြေ - သီချင်းဆိုတဲ့မိန်းကလေးတစ်ယောက်ပေါ့။ မိဘတွေကပိုက်ဆံရှိတယ်။ သီချင်းဆိုချင်လို့ နယ်ကနေ ရန်ကုန်မှာ လာနေတဲ့သူတစ်ယောက်ပေါ့။ မမကျော်နှင်းဆီနဲ့ ဒီဇာတ်ကားမှာ ပထမဆုံးဆုံဖူးပေမယ့် အကုန်လုံးအဆင်ပြေတယ်။ အရမ်း ကြိုးစားထားတယ်။ ဇာတ်ကားမရိုက်တာလည်းကြာတော့ ဇာတ်ကားလေးပြန်ရိုက်ရတော့ ပျော်ပါတယ်။

မေး - စင့်အနေနဲ့ ဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီး စိတ်ခံစားချက်ကို ပြောပါဦး။

ဖြေ - ကိုယ့်လည်း ပထမဆုံးပြန်ရိုက်တဲ့ ဇာတ်ကားမို့ စိုးရိမ်တယ်။ ဇာတ်လမ်းတွေ အကုန်လုံးနဲ့ သေချာပြန်ညှိတယ်။ အရင်တုန်းကထက် သရုပ်ဆောင်ပိုင်းပို ပိုလုပ်နိုင်သလိုပါပဲ။ ကင်မရာရှေ့မှာနေရတာ ပိုပျော်လာတယ်လို့လည်း ထင်ပါတယ်။ အရင်ကဆိုရင် ကိုယ်ကကင်မရာရှေ့မှာနေတာက ဇာတ်ကားရိုက်တာမပါဘူး။ ဓာတ်ပုံဆိုလည်း စင့်ကို ရိုက်လို့ပြီးပြီဆိုရင်တောင် ကိုယ့်ရဲ့ပို့စ်က ရပ်ချင်သေးတာမဟုတ်ဘူး။ ဇာတ်ကားရိုက်ဆိုရင် ကြောက်တယ်။ အရင်ထက်စာရင် ကင်မရာအနေအထားတွေ နားလည်လာတယ်။ အရင်ကထက် ပိုငိုနိုင်လာတယ်လို့ ထင်ပါတယ်။

မေး - ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုကရော။

ဖြေ - ဇာတ်ကားမရိုက်ခင် ဇာတ်ဝင်ခန်းတွေကို ကြိုတင်လေ့လာပြီးခဏခဏဖတ်ပါတယ်။ မမကျော်နှင်းဆီက ဆင်းန်ဘယ်လောက်ဆိုတာနဲ့သိအောင်ပါ။ စင်က အ၀တ်အစားပိုင်းနဲ့ပတ်သက်ပြီး ဒီဇာတ်ကားမှာ သေချာအမိုက်စားလေးတွေ ဝတ်ဆင်ထားတယ်။ ကိုယ်က အဆိုတော်ဖြစ်ဖို့ ကြိုးစားနေပေမယ့် မိဘတွေကလည်း ပိုက်ဆံရှိတော့ ဇာတ်ကားရဲ့ကာရိုက်တာအရ ကိုယ်ကလည်း ဖက်ရှင်ကျကျလေး ဝတ်လို့ရတယ်ပေါ့။

အရမ်းကြီး ဟော့တာမဟုတ်ပဲ အမိုက်စားလေးတွေ သေချာပြင်ဆင်ဝတ်ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ဖို့ ဗန်ကောက်ထွက်ပြီး အဝတ်အစားလေးတွေ ဝယ်ပါတယ်။ ခရီးထွက်တဲ့စရိတ်ကလည်း သိပ်မကြီးလို့ပါ။ မိတ်ကပ်ဆံပင်ပုံစံလေးတွေလည်း စင် သေချာချိန်းထားပါတယ်။ နောက်တစ်ယောက်လို့ထင်ရအောင် သေချာကြိုတင်ပြင်ထားပါတယ်။

မေး - ဒီဇာတ်ကားက ပရိသတ်ကို ဘယ်လိုမက်ဆေ့ခ်ျပေးထားလဲ။

ဖြေ - ဒီဇာတ်ကားက လျှို့ဝှက်ဆန်းကြယ်ပုံစံလေးပါ။ တကယ်တမ်းရိုးသားပြီး ကြိုးစားရင် အောင်မြင်မှုကို ရရှိနိုင်တယ်။

မေး - အရင်ဇာတ်ကား ရိုက်ကူးခဲ့ချိန်နဲ့ အခုရိုက်ကူးချိန်မှာ ကွာခြားမှုနဲ့ပတ်သက်ပြီး အမှတ်တရရှိခဲ့လား။

ဖြေ - ကင်မရာ ဘယ်ရှိမှန်းလဲ သေချာသိလာပြီ။ အရင်တုန်းကဆိုရင် ကိုယ်က အရမ်းငိုနေပေမယ့် ကင်မရာကိုကွယ်ငိုနေတော့ တစ်ခါတစ်လေ ဘာဆင်းန်မှ မရလိုက်တာမျိုးတွေလည်းရှိတယ်။ အမှတ်တရကတော့ နောက်ဆုံးဆင်းန်က ဗိုလ်တထောင်ကမ်းနားမှာ ရိုက်တယ်။ ကိုယ်က တစ်ချိန်လုံးရယ်နေတဲ့သူမျိုး၊ ငိုနေရင်းလည်း ရယ်နိုင်တယ်။ တချို့က စင့်မှာ စိတ်ညစ်စရာ မရှိဘူးလားမေးလာတဲ့ထိတောင် အရယ်သန်တဲ့လူမျိုးဖြစ်တယ်။

ဇာတ်ကားထဲမှာဆိုရင် အမြဲတမ်းမျက်ရည်အစစ်နဲ့ပဲငိုတယ်။ ကိုယ့်ရဲ့ချစ်သူက ရေထဲပြုတ်ကျပြီးသေသွားတာ။ စင်ကလည်း ရေကိုကြည့်ပြီးငိုတာပေါ့။ ငိုနေချိန်မှာ ကင်မရာကဓာတ်ခဲကုန်သွားလို့ ဖြစ်ခဲ့တယ်။ နောက်တစ်ကြိမ်ငိုဖို့ ကြိုးစားရတယ်။ ငိုတာကို ကိုယ်က မျက်ရည်ကျရုံတင်မဟုတ်ဘဲ ကင်မရာက ဖောင်းခနဲလုပ်လိုက်ချိန်မှာ မျက်လုံးက မျက်ရည်ဝိုင်းပြီး တစ်ပေါက်ချင်းလိမ့်ကျတာကို လိုချင်တာ။ မုဒ်အပြည့်သွင်းပြီး ငိုနေချိန်မှာ ကင်မရာထားတာ Len မှားနေတာဖြစ်ပြန်တယ်။ တတိယမြောက်အချီ ဖြစ်သွားတယ်။

နောက်ဆုံးအကြိမ် မုခ်အပြည့်သွင်းပြီး မျက်ရည်ကျခါနီးမှာ မမကျော်နှင်းဆီက နေဦး။ နာမည်ထည့်ပြီး အော်ရမယ်။ မုဒ် တော်တော်လေးလည်း လျှော့သွားတာပေါ့။ စင်က အလုပ်နဲ့ပတ်သက်ပြီး အရမ်းနှမြောတတ်တယ်။ ဒီဆင်းန်လေးတော့ အရမ်းနှမြောမိပါတယ်။

မေး - စင့်အနေနဲ့ မြိတ်ကျွန်းစုမှာ ခရီးသွားပရိုဂရမ်တစ်ခုလက်ခံရိုက်ကူးဖြစ်ခဲ့တာလေး ပြောပါဦး။

ဖြေ - မြိတ်ဘက်မှာ Seaberg Travels & Tours ကုမ္ပဏီနဲ့ ခရီးသွား Story ပုံလေးရိုက်ခဲ့ပါတယ်။ လူမရောက်ဖူးသေးတဲ့ကျွန်းလေးတွေ ခြောက်ကျွန်းလောက် ရိုက်ဖို့သွားခဲ့တာပါ။ ရာသီဥတုအခြေအနေအရ စင်တို့ ကျွန်းလေးကျွန်းလောက်မှာ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ လူမရောက်သေးတဲ့ ကျွန်းဆိုတော့လည်း နိုင်ငံခြားသားဧည့်သည်တွေ မရောက်သေးတာပါ။

ဆလုံတွေနေတဲ့ကျွန်းပါ။ ဆလုံလူမျိုးတွေကလည်း ဖြူစင်အေးချမ်း ယဉ်ကျေးပျူငှာတာ တွေ့ရတယ်။ ဒီပရိုဂရမ်ကို ဦးဉာဏနဲ့ရိုက်ကူးဖြစ်ခဲ့တာပါ။ စင်က မန္တလေးသူဖြစ်တော့ ရေကြောက်တယ်။ ပင်လယ်မှာ ရိုက်ကူးရေးတွေလုပ်ရတယ်။ ပရိသတ်ကို မြင်ကွင်းအသစ်အဆန်းတွေချပြချင်တော့ ကိုယ့်နိုင်ငံအတွင်း မြိတ်ကျွန်းစုမှာ လက်ခံရိုက်ဖြစ်တယ်။ ရှုခင်းတွေကလည်း တော်တော်လေးလည်း လှပါတယ်။ စင် ကိုယ်တိုင်လည်း ခရီးသွားရတာကြိုက်တယ်။ ခရီးသွားခြင်းကြောင့် ဒေသန္တရ ဗဟုသုတတွေလည်း ရပါတယ်။ ဒီကျွန်းမှာဆိုရင် ဘုရားကြီးရှိတယ်။ တစ်တောင်လောက်ရှိတဲ့ ပုဇွန်တွေလည်းရှိတယ်။ စင်က အမြဲတမ်းပြည်ပခရီးလေးတွေထွက်ဖြစ်ပေမယ့် ဗီယက်နမ်ဟာလာဝေးထက် ကိုယ့်နိုင်ငံက မြိတ်ကျွန်းစုကို ပိုနှစ်သက်ပါတယ်။

မေး - စင့်ကို ချစ်တဲ့ ပရိသတ်အတွက် စကားလက်ဆောင် ပြောပေးပါဦး။

ဖြေ - စင်က ပရိသတ်ကြီးအတွက် စိတ်ရောကိုယ်ပါနှစ်ပြီးတော့ အရမ်းကြိုးစားနေပါတယ်။ အဓိကကတော့ ဒီထက်ပိုပြီး အနုပညာလုပ်ပိုင်ခွင့်တွေ ရချင်တာပေါ့နော်။ ဒီနေ့ဒီအခြေအနေအထိ ရပ်တည်နိုင်တာ ဒီပရိသတ်ရှိလို့
ပါ။ ပရိသတ်က စင့်ဘ၀အတွက် ဘယ်တော့မှမေ့လို့မရတဲ့ ကျေးဇူးရှင်တွေ
ပါပဲ။

ဓာတ်ပုံ - ရွှေစင်ဖေ့စ်ဘွတ်
နဒီ-တွေ့ဆုံသည်