Loading...

◾️ 'လူတိုင်းလည်း ဈေးကြီးတာ၊ မကြီးတာထက် သင့်တင့်လှပတဲ့ ဒီဇိုင်းနဲ့ဖက်ရှင်ကျအောင် ၀တ်ဆင်နိုင်ပါစေလို့ ပြောချင်ပါတယ်'

2017-12-05

◾️ 'လူတိုင်းလည်း ဈေးကြီးတာ၊ မကြီးတာထက် သင့်တင့်လှပတဲ့ ဒီဇိုင်းနဲ့ဖက်ရှင်ကျအောင် ၀တ်ဆင်နိုင်ပါစေလို့ ပြောချင်ပါတယ်'

ရုပ်ရှင်သရုပ်ဆောင် မေပန်းချီနှင့်တွေ့ဆုံခြင်း

အနုပညာလောကတွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသော သရုပ်ဆောင်မေပန်းချီသည်ဖက်ရှင်ကို စိတ်ဝင်စားသူတစ်ယောက် ဖြစ်ပြီး ကိုယ်တိုင်လည်း ဂျင်းပစ္စည်းများထုတ်လုပ်သည့် Kate Amazing ဖက်ရှင်ဆိုင်ကိုဖွင့်လှစ်ထားသူလည်းဖြစ်သည်။လတ်တလောကြိုက်နှစ်သက်သည့် ဖက်ရှင်အကြောင်းနှင့် ခန္ဓာကိုယ်ထိန်းသိမ်းမှုအကြောင်းတို့ နှင့်စပ်လျဉ်း၍ ရုပ်ရှင်သရုပ်ဆောင် မေပန်းချီနှင့်တွေ့ဆုံခိုက်မေးမြန်းခဲ့သည်-

မေး။ ဖက်ရှင်တစ်ခုအနေနဲ့ ဘယ်လိုပုံစံတွေ ပန်းချီဝတ်ဖြစ်နေလဲ ပြောပါဦး။

ဖြေ။ ပန်းချီ ကြိုက်နှစ်သက်တဲ့ ဖက်ရှင်ပုံစံကတော့ ကန်းထရီးဆန်ဆန် ရော့ခ်ပုံစံလေးတွေ ကြိုက်တယ်။ လက်ရှိဝတ်ဆင်ဖြစ်နေတာကတော့ ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ ဂါဝန်ဆွဲသားအတိုလေး တွေ ၀တ်ဆင် ဖြစ်နေတယ်။ အရောင်ကတော့ အသားရောင်လေးတွေ၊ မိတ်ကပ်ရောင် လေးတွေ ကြိုက်တယ်။

အရင်ကတော့ အဖြူရောင်နဲ့ ဂျင်းရောင်ပဲ စွဲစွဲမြဲမြဲဝတ်ဆင် ဖြစ်တာများ ပါတယ်။ လက်ရှိမှာတော့ ချောကလက်အရောင်တွေ၊ ကာကီရောင် လေးတွေ ၀တ်ဖြစ်တယ်။ ကိုယ့်နဲ့က အနက်ရောင်တွေ၊ အနီရောင်တွေက ၀တ်ဆင်ရင် ကံမကောင်းဘူးလို့ ယူဆမိတယ်။

မေး။ ကိုယ်တိုင်လည်း Kate Amazing ဖက်ရှင်ဆိုင်လေး ဖွင့်ထားတာ ဆိုတော့ ဘယ်လိုဒီဇိုင်းသစ်တွေ ပရိသတ်ကို ချပြဖို့ရှိမလဲ။

ဖြေ။ ပန်းချီဆိုင်က လာမယ့်လလယ်ပိုင်းမှာ ကိုယ်ပိုင်ဂျင်းဒီဇိုင်းတွေကို သူငယ်ချင်းနဲ့တိုင်ပင်ပြီး အသစ်အဆန်းလေးတွေကို သူများနဲ့မတူအောင် ဖန်တီးဖို့လည်းရှိပါတယ်။ ပိတ်စတွေကို ဗန်ကောက်က မှာယူပြီးတော့ မြန်မာပြည်က ဒီဇိုင်နာတွေနဲ့ဒီဇိုင်းအသစ်အဆန်းလေးတွေ ထုတ်လုပ်မှာပါ။ ဈေးလည်း အရမ်းမကြီးဘဲ လူတန်းစားမရွေး ၀တ်ဆင်နိုင်အောင် အရည်အသွေးမီ ထုတ်လုပ်မှာပါ။

မေး။ သရုပ်ဆောင်တစ်ယောက်အနေနဲ့မြန်မာပြည်က ဖက်ရှင်ကိုရော ဘယ်လိုသုံးသပ်မိလဲ ပြောပါဦး။

ဖြေ။ ဖက်ရှင်က လက်ရှိမြန်မာပြည်မှာ မော်ဒယ်လ်၊ သရုပ်ဆောင်တွေမှ မဟုတ်ပါဘူး။ လူတိုင်းစိတ်ဝင်စားလာကြတယ်။ အားလုံးလည်း အမြင်ကျယ်လာတော့ ရုပ်ချောသည်ဖြစ်စေ၊ မချောသည်ဖြစ်စေ စမတ် ကျကျလေးတွေ သေချာပြင်ဆင်ဝတ်ဆင်တတ်လာကြတယ်။

မေး။ ဖက်ရှင်တစ်ခုအတွက် ပန်းချီအနေနဲ့ ဆံပင်ဒီဇိုင်းပြောင်းလဲဖို့ ရှိမလား။

ဖြေ။ ဆံပင်ဆိုတာကတော့ လူတစ်ယောက်အတွက် ဒုတိယမျက်နှာပဲလေ။ ဒီဇိုင်းတွေ ပြောင်းလဲလိုက်လို့ လိုက်ဖက်တာရှိသလို မလိုက်ဖက်တာ တွေလည်းရှိပါတယ်။ သရုပ်ဆောင် တော်တော်များများဖြစ်လေ့ဖြစ်ထ ရှိတာကတော့ ဆံပင် ပျက်စီးတာပါပဲ။ ပန်းချီက ဆံပင်ကို ပုံစံမျိုးစုံနဲ့ မလိုက်ဘူး။ အတိုဆိုလည်း လုံးဝတိုလိုက်မှ၊ မတိုရင်လည်း အခုလို အရှည်အကောက်ပုံစံ ပွပွနဲ့မှလိုက်ဖက်တယ်။ ဆံပင်မပြောင်းဖြစ်တာပါ။ ဖက်ရှင်ကိုတော့ ပြောင်းဖြစ်တယ်။

မေး။ ပန်းချီ ခန္ဓာကိုယ် ၀ိတ်ပြန်ချနေတယ်လို့သိရတယ်ပြောပါဦး။

ဖြေ။ ပန်းချီက ခန္ဓာကိုယ် အရမ်းမပိန်ချင်ပါဘူး။ ၀၀ကစ်ကစ်လေးဖြစ်နေ တာကိုပဲ သဘောကျပါတယ်။ ပုံတွေထဲမှာ ၀တယ်ထင်ရပေမယ့် ပန်းချီ အရမ်းမ၀ပါဘူး ပြည့်တာပါ။ တချို့အပြင်မှာမြင်တဲ့ ပရိသတ်တွေဆို ပုံထဲမှာလောက်မ၀ပါဘူးလို့လည်း ပြောကြတယ်။ အခုဝိတ်ချဖြစ်တာက ပရိသတ်တွေ တိုက်တွန်းတာရော ပန်းချီရှေ့ဆက်လျှောက်မယ့် အနုပညာ အတွက် ၀ိတ်ချသင့်တယ်ထင်လို့ပါ။

ပန်းချီ ပေါင်၁၆၀ကနေချလိုက်တာ အခုပေါင် ၁၅၃အထိ ကျသွားပါပြီ။ ပေါင် ၁၄၀ လောက်အထိပဲ ပန်းချီချမှာပါ။ ပန်းချီ Gymမှာ အများကြီး ကစားဖူး ပါတယ်။ အခု ပန်းချီကစားတာက တာမွေက မောင်ဗမာအောင်ခိုင်ဝင်းဆီမှာ ဆော့တာပါ။ အရမ်းကောင်းပါတယ်။ ၁၀ ရက်အတွင်း ခုလို ခုနစ်ပေါင် လောက်ကျဖို့ကလည်း မလွယ်ပါဘူး။

မေး။ အစားအသောက်ပိုင်းရှောင်တာရောရှိမလား ပြောပါဦး။

ဖြေ။ ဆရာက ပထမ ၁၀ရက်အတွင်းတော့ စားချင်တာ စားခိုင်းပါတယ်။ ၁၀ရက်ကျော်တော့ ထမင်းလျှော့စားခိုင်းပါတယ်။ နောက်ပိုင်း ဖရဲသီးတို့၊ ပေါင်မုန့်ကြမ်းတို့ စားပါတယ်။ ပန်းချီက Gymမှာ ဆော့ရင်လည်း ငါးနာရီ လောက်ဆော့ဖြစ်တော့ အစားစားရင်လည်း ကိုယ်စားတာနဲ့ ကိုယ်ကစား ထားရတာ မတန်တဲ့အတွက် ကိုယ့်ဘာသာကိုယ် ဆင်ခြင်ပြီး အစားသိပ် မစားတော့ပါဘူး။

မေး။ အစားရှောင်ပေမယ့် ၀လာတယ်လို့ ပြောလာတဲ့အပေါ်မှာရော ဘယ်လိုခံစားမိလဲ။

ဖြေ။ ကိုယ်လည်း ၀ိတ်ချပြီး အစားလျှော့နေတဲ့ကြားထဲက ၀တာကို လွန်လွန်ကျူးကျူး ပြောဆိုလာရင်တော့ ၀မ်းနည်းပါတယ်။ တစ်ခါတလေ ကိုယ်ထမင်းမစားလာတာတောင် အပြင်မှာတွေ့ရင် ၀လိုက်တာလို့ပြောရင် တော်တော်ခံစားရတာကြုံဖူးတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့ ကိုယ့်ခန္ဓာကိုယ်ကို ကျေနပ်နေတာပါပဲ။ ၀တယ်လို့လည်း မထင်ပါဘူး။ မိန်းကလေးအချင်းချင်း ဝေဖန်တာထက် စိတ်ဓာတ်ရေးရာကောင်းဖို့ပဲ အရေးကြီးတယ်။ လူတိုင်းတော့ Perfect ဖြစ်ချင်ကြတာပါပဲ။

မေး။ ဖက်ရှင်နဲ့ပတ်သက်ပြီး ပရိသတ်ကို စကားလက်ဆောင် ပြောပေးပါဦး။

ဖြေ။ ဖေ့စ်ဘွတ်ခ်ခေတ်ကြီးမှာ လူတိုင်းက ခေတ်မီတဲ့ဖက်ရှင်ဒီဇိုင်းတွေ ထွင်ဝတ်ဆင်တတ်လာ ကြပါတယ်။ လူတစ်ယောက်အတွက် ၇၀ရာခိုင်နှုန်း လောက် ဖက်ရှင်က အရေးကြီးပါတယ်။ မိတ်ကပ်လှအောင် လိမ်းတတ်မယ်။

ဖက်ရှင်ကျအောင် ၀တ်ဆင်တတ်မယ်ဆိုရင် တော်တော်လေး ပြည့်စုံ တယ်လို့ ပြောလို့ရပါတယ်။ လူတိုင်းလည်း ဈေးကြီးတာ၊ မကြီးတာထက် သင့်တင့်လှပတဲ့ ဒီဇိုင်းနဲ့ဖက်ရှင်ကျအောင် ၀တ်ဆင်နိုင်ပါစေလို့ ပြောချင် ပါတယ်။

နဒီ-တွေ့ဆုံသည်။

Other news