Loading...

◾️ ဒေါက်တာသန်းထွဋ်«လင်း-ဆေး(၁)»နှင့်တွေ့ဆုံခြင်း "မြန်မာပြည်က ထုတ်တာတွေကျတော့ အင်္ဂလိပ်လိုချည်းပဲပါနေတော့ သိပ်မသင့်ဘူး။ တကယ်တမ်းက

2017-12-05

◾️ ဒေါက်တာသန်းထွဋ်«လင်း-ဆေး(၁)»နှင့်တွေ့ဆုံခြင်း

"မြန်မာပြည်က ထုတ်တာတွေကျတော့ အင်္ဂလိပ်လိုချည်းပဲပါနေတော့ သိပ်မသင့်ဘူး။ တကယ်တမ်းကျတော့ မြန်မာလိုလုပ်ပေးသင့်တယ်။ ဒုတိယတစ်ချက်က ဒါတွေအားလုံးက အမူအကျင့်နဲ့ဆိုင်တဲ့ကိစ္စဖြစ်တာကြောင့် သဘာဝနဲ့ လုပ်ထားတဲ့အစားအသောက်တွေကို စားသောက်တတ်တဲ့ အလေ့အကျင့်လေးတွေလုပ်ဖို့ လိုအပ်တယ်"

ယနေ့ခေတ်တွင် လူကြီး၊ လူငယ်တိုင်း အချိုရည်သောက်သုံးမှု ပို၍များလာပြီး ဈေးကွက်ထဲ၌လည်း ပြည်တွင်း၊ ပြည်ပထုတ် အချိုရည်များစွာက အမှတ်တံဆိပ်အမျိုးမျိုးဖြင့် နေရာယူလျက်ရှိသည်။ ကလေးများက အရသာအမျိုးမျိုးနှင့်အချိုရည်များကို ပို၍စွဲလမ်းနှစ်ခြိုက်ကြသည်။

အချိုရည်ထဲတွင် ပါဝင်သောပစ္စည်များနှင့် ရေရှည်သောက်သုံးပါက ကလေးများ၏ကျန်းမာရေးကို မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိသည်ကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာသန်းထွဋ် «လင်း-ဆေး (၁)»နှင့် စံတော်ချိန်မှ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည် -


အချိုရည်အသောက်များတဲ့ကလေးတွေရဲ့ကျန်းမာရေး

မေး - ယနေ့ခေတ် ဈေးကွက်ထဲမှာ အချိုရည်မျိုးစုံဝင်ရောက်လာတဲ့အပြင် ကလေးရောလူကြီးပါ သောက်သုံးမှုအရမ်းများလာတာကို တွေ့ရပါတယ်။ အချိုရည်နဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေးအကျိုးသက်ရောက်မှု ဘယ်လိုများရှိပါသလဲဆရာ။

ဖြေ - နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ရဖို့အတွက် ဖွင့်ပေးလိုက်ပြီဆိုရင် လုပ်ငန်းလေးခုက တစ်ပြိုင်နက်တည်း ဝင်လာတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီး၊ အရက်နဲ့ယမကာ၊ အချိုရည်၊ အသင့်စားအစာတွေက အရင်ဆုံးဝင်လာတာဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာလည်း ဒီအတိုင်းပဲသွားတာဖြစ်တယ်။ အခုဆိုရင် ပက်စီ ၊ စပရိုက်၊ စပါကလင် စသဖြင့် ဝင်လာတယ်။ တစ်ချိန်တစ်ခါက ကဖင်းများလို့ပိတ်ထားတဲ့ ကျွဲရိုင်း၊ M-150၊ နဂိုကတည်းကထုတ်နေကြတဲ့ အိပ်ငိုက်ပြေပြီး အာရုံကြောနှိုးဆွတယ်ဆိုတဲ့ဆေးမျိုးတွေလည်း ဝင်လာတယ်။ ဒီမှာ ထုတ်နေကြတဲ့ အိပ်ငိုက်ပြေပြီး အာရုံကြောနှိုးဆွတယ်ဆိုတဲ့ ဆေးမျိုးတွေလည်းဝင်လာတယ်။ ဒီမှာ ထုတ်လုပ်နေဆတဲ့ Ve Ve အချိုရည်တို့လို ပြည်တွင်းဖြစ်လည်းရှိတယ်။ ဒါပေမဲ့ နှစ်မျိုးရှိတယ်။ တစ်မျိုးက ထုတ်လုပ်တဲ့သူက လိမ်ရောင်းတာမဟုတ်ဘူး။ ဥပမာ-စပရိုက်၊ ကိုကာကိုလာ၊ ပက်စီတို့ကထုတ်တဲ့ အချိုရည်ဘူးကိုသွားကြည့်လိုက်ရင် ဘူးအညွှန်းမှာ ဖော်ပြထားပြီးသားဖြစ်တယ်။ အညွှန်းစာမှာ သကြားပါတယ်။
ဘယ်လိုအနံ့အရသာကိုထည့်ထားတယ်။ သဘာဝသစ်သီးကလုပ်တယ်လို့ မဖော်ပြထားပါဘူး။ ဆေးသကြားထက် အဆပေါင်း ၁၀၀၀ပိုချိုတဲ့ စခရင်မ်တို့လိုမျိုးတွေ ထည့်ထားပါတယ်လို့လည်း ဖော်ပြထားတယ်။

အရောင်ကလည်း အချိုရည်မှာသုံးရမယ့် အရောင်ဆိုးဆေးပဲ ထည့်ထားတယ်။ အဲဒီလိုထည့်ထားတယ်ဆိုတာ အတိအလင်းဖော်ပြထားရက်နဲ့ ဘာဖြစ်လို့လူတွေက သောက်လဲဆိုရင် Brand ပေါ့။ Brand ကို လူတွေက Marketing လုပ်ထားတယ်။ အထူးသဖြင့် ပူပြင်းတဲ့ကာလတွေမှာ အေးအေးချိုချို၊ မွှေးမွှေးလေးသောက်ရတယ်။ ကလေးလူကြီးမရွေး သောက်ကြတယ်။

ထိုနည်းတူစွာ ဧည့်ခံပွဲ၊ အစည်းအဝေးပွဲတွေမှာလည်း ဒါတွေပဲ ဧည့်ခံတာများတယ်။ လူကြီးတွေကတော့ အတိုင်းအဆတစ်ခုနဲ့ သောက်ကြပေမယ့် ကေ လးတွေကျတော့ အချိုကြိုက်တဲ့အရွယ်လည်းဖြစ်ကြတယ်။ မူလတန်းအရွယ်က
စပြီး ၁၀တန်း(တက္ကသိုလ်ဝင်တန်း)တက်နေတဲ့ ကလေးတွေအထိ ဒီအချိုရည်ကို ကြိုက်ကြတယ်။ မုန့်ဈေးတန်းမှာလည်း ရတယ်။ အတန်းကြီးသွားတဲ့ ကလေးတွေကျတော့ ကျွဲရိုင်းတို့လို၊ M-150 တို့လို သောက်ကြတယ်။

အဲဒီတော့ ဘယ်လိုရောဂါတွေဖြစ်နိုင်လဲဆိုရင် မူလတန်းကြိုကျောင်းတက်နေကြတဲ့ ကလေးအများစုဟာ ကစားချိန်မရှိဘူး၊ နားချိန်မရှိဘူး။ အတန်းကြီးကလေးတွေ ပိုဆိုးတယ်။ ဒါက လက်ရှိဖြစ်ပျက်နေတဲ့အနေအထား၊ ဘာကြောင့်လဲဆိုရင် နံပါတ် (၁)က ကစားကွင်းမရှိလို့ ဖြစ်တယ်။ နံပါတ် (၂)က မနက်အိပ်ရာနိုးတာနဲ့ဖုန်းဆီကိုရောက်တယ်။ အိမ်မရောက်ခင် ကျောင်းမှာလည်း ထိုင်တယ်။ အိမ်ပြန်ရောက်တော့ ကျူရှင်နဲ့ဖုန်းနဲ့အပြင် တီဗွီရှေ့ရောက်တာနဲ့ပဲ တစ်နေ့အချိန်ကုန်သွားတာပဲ။

ဒါကြောင့် ကလေးတွေက ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိဘူး။ နောက်တစ်ခါ မိခင်ကိုယ်ဝန်ရှိစဉ်ကတည်းက အစားအသောက် မဆင်ခြင်ဘူး။အဆီအဆိမ့်တွေမတရားစားပြီး ဝိတ်တွေတက်လာတော့ ကလေးမွေးတဲ့အခါ ရှစ်ပေါင်၊ ကိုးပေါင်
လောက်ဖြစ်သွားရော။ ဒါကြောင့် ရှစ်ပေါင်၊ကိုးပေါင်လောက်နဲ့ မွေးလာတဲ့ကလေးက ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့လို ငယ်ငယ်ကတည်းက ရောဂါပါလာဖို့ အခွင့်အရေး တော်တော်များများပါတယ်။

နောက်တစ်ခါ ခြောက်ပေါင်၊ ခုနစ်ပေါင်လောက်နဲ့ ပုံမှန်ပဲမွေးလာတဲ့ ကလေးတွေဟာဆိုရင်လည်း အထက်ကပြောခဲ့သလို ကျောင်းတက်၊ မူကြိုတက်တာကစလို့ လှုပ်ရှားမှုကအင်မတန်နည်းသွားပြီးတော့ ကလေးတွေက တဖြည်းဖြည်းနဲ့ ဝိတ်တက်လာတယ်။ ဝိတ်တက်လာတဲ့အချိန်မှာ အချိုရည်ကိုလည်း အများကြီးသောက်နေကြမယ်ဆိုရင် တစ်ဖက်မှာလည်း ဒီအချိုရည်နဲ့အတူတွဲပြီးစားနေတဲ့ အသင့်စားအစားအစာတွေ စားကြမယ်ဆိုရင် မကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ သွေးချို၊ဆီးချိုရောဂါဖြစ်တယ်။ အသက် ၂၀ ဝန်းကျင်လောက်ရောက်တဲ့အခါမှာ နှလုံးသွေးကြောကျဉ်းချင်တဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။

မေး - အချိုရည်တွေ သောက်သုံးခြင်းကြောင့် ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပိုင်းကို ထိခိုက်စေပါသလား။

ဖြေ - အချိုရည်ရဲ့အညွှန်းစာထဲမှာ အတိအလင်းလည်း ဖော်ပြထားပါတယ်။ အစားအစာဆိုရင် သူ့မှာဇယားပါတယ်။ သူ့မှာရနိုင်တဲ့ အာဟာရတန်ဖိုးတွေ အမြဲတမ်းပါပြီးသားဖြစ်တယ်။ အချိုရည်ဘူးမှာလည်းပါတယ်။ ဒါပေမဲ့ အညွှန်းစာကြည့်ပြီး၊ သေချာဖတ်ပြီး ဝယ်ကျွေးတဲ့မိဘက မရှိသလောက်ရှားတယ်။

အများအားဖြင့် အကြည့်များတာက Expiry Date ပဲ ဖြစ်တယ်။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေတတ်တာမျိုး အချိုရည်တွေထဲမှာတော့ ပါလေ့ပါထ သိပ်မရှိဘူး။ နောက်ပြီး FDA ကို ဖြတ်ပြီးသားဖြစ်တယ်။ သို့သော်လည်းပဲ ပြည်တွင်းမှာထုတ်လုပ်တဲ့ တချို့အချိုရည်တွေက FDA ကိုဖြတ်မထားဘူး။ FDA registration ဖြတ်မထားဘူးဆိုရင် မသောက်သင့်ဘူး။

နောက်ပြီးတော့ ကလေးတွေမုန့်ဈေးတန်းမှာတွေ့နေတာမျိုး၊ လမ်းဘေးဈေးသည်ရောင်းတဲ့ စားကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ ဘယ်ကိုမှဖြတ်မထားဘူး။ ဒါကြောင့် တရားမဝင် ဝင်လာတဲ့တရုတ်မုန့်တွေ၊ အချိုရည်တွေကို အခါအားလျော်စွာ စစ်ဆေးပေးနေပေမယ့် လက်ကြားကတော့ယိုတာပဲ။ ကိုင်းဖျားကိုင်းနားကိုခုတ်လို့မရဘူး။ အမြစ်ကနေတူးပစ်လိုက်မှရမှာဖြစ်တယ်။ Energy Drink ကတော့ မသောက်ရမနေနိုင် စွဲတာမျိုးဖြစ်တတ်တယ်။ စိတ်တိုတာတို့၊ ဒေါသကြီးတာတို့ဖြစ်တတ်တယ်။ 100 plus တို့က ကောင်းတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့ဆားဓာတ်ကို ဖြည့်ပေးတယ်။ ဂလူးကို့စ်များတယ်။ အချိုရည်များတယ်။ အဲဒီဟာတွေကြောင့် ပြဿနာတက်နေတယ်။

မေး - အချိုများတယ်ဆိုတော့ ဆီးချိုဖြစ်ဖို့ပဲ။ နောက်ပိုင်းမှာ ပေါင်းထည့်လာတာက ဗီတာမင် B1, B12 တို့။ ဒါမျိုးတွေထည့်ထားတဲ့အတွက် Vitamin Complex နဲ့ မတည့်တာမျိုး၊ ဘာ့ပလက်နဲ့မတည့်သူမျိုးရှိကြမယ်ဆိုရင် မသောက်သုံးသင့်ဘူး စသဖြင့် မြန်မာစာညွှန်းပါသင့်တယ်။

မေး - ဒါဆိုရင် အချိုရည်အပါအဝင် စားသောက်ကုန်ပစ္စည်းတွေမှာ မြန်မာအညွှန်းပါဖို့က အရေးကြီးတယ်ပေါ့နော်။

ဖြေ - အချိုရည်အပါအဝင် အစားအသောက်တွေမှာ ကလေးတွေရောလူကြီးတွေပါ ပြဿနာမတက်ချင်ဘူးဆိုရင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူကာကွယ်ရေးဦးစီးဌာနက အမိန့်ထုတ်ရမယ်။ ပါဝင်တဲ့ပစ္စည်းဇယားတွေ မြန်မာလိုရေးခိုင်းရမယ်။ တန်ဖိုးတွေကို မြန်မာလို သတိပေးစာတန်းကို မြန်မာလို စာတန်းထိုးပေးဖို့လိုတယ်။ အချိုဓာတ်၊ သကြား သတ်မှတ်ထားတဲ့အတိုင်းအတာထက် ပိုမစားသင့်ပါဘူး။ အလွန်အကျွံမစားသင့်ပါဘူး။ အချိုရည်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။

တချို့ခေါက်ဆွဲထုပ်တွေဆို အတိအလင်းကို ရေးထားပေးတယ်။ ဓာတုပစ္စည်းနဲ့လုပ်ထားတဲ့ အနံ့၊ အရသာသုံးတာတွေကို မြန်မာလိုဖော်ပြပြီး သတိပေးထားရင်တော့ နည်းနည်းပါးပါး ဂရုစိုက်ပြီး ဖတ်ကြလိမ့်မယ်။ မြန်မာလိုအညွှန်းစာကို သေသေချာချာ မြန်မာလိုဖော်ပြပေးသင့်တယ်။ စူပါမားကက်မှာ မြန်မာပြည်ကထုတ်တဲ့ ယမ်ယမ်ခေါက်ဆွဲနဲ့ ယိုးဒယားကထုတ်တဲ့ ယမ်ယမ်ကို ယူကြည့်လေ။ ယိုးဒယားကလာတဲ့ အစားအစာအားလုံးမှာ ယိုးဒယားလိုပဲ ဖော်ပြထားတယ်။ အင်္ဂလိပ်လိုမနည်းလိုက်ရှာရတယ်။

မြန်မာပြည်က ထုတ်တာတွေကျတော့ အင်္ဂလိပ်လိုချည်းပဲပါနေတော့ သိပ်မသင့်ဘူး။ တကယ်တမ်းကျတော့ မြန်မာလိုလုပ်ပေးသင့်တယ်။ ဒုတိယတစ်ချက်က ဒါတွေအားလုံးက အမူအကျင့်နဲ့ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် သဘာဝနဲ့လုပ်ထားတဲ့ အစားအသောက်တွေကို စားသောက်တတ်တဲ့ အလေ့အကျင့်လေးတွေလုပ်ဖို့ လိုအပ်တယ်။

အသင့်စားအစားအစာတွေ၊ လမ်းဘေး အစားအစာတွေကို အလွန်အမင်း နှစ်သက်သွား ပြီဆိုတဲ့ အမူအကျင့်ကိုပြောင်းဖို့လိုတယ်။ အချိုတွေစားသုံးတာများတဲ့အတွက် ကျန်း မာရေးထိခိုက်မယ်ဆိုတာမျိုးကို တစ်ဖက်ကကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ပညာရှင်တွေက ကာကွယ်လို့ရတဲ့နည်းလမ်းတွေနဲ့ အမျိုးမျိုးဖော်ပြနေသလို၊ တစ်ဖက်ကလည်း ဥပဒေကြောင်းအရ လူထုရဲ့ကျန်းမာရေးကို မထိခိုက်အောင် ကာကွယ်ပေးထားရတယ်။

မေး - ဆရာ့အနေနဲ့ အချိုရည်သောက်သုံးခြင်းနဲ့ကလေးများရဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှုအနေအထားဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ - စားသုံးသူအပိုင်းက အုတ်ရောရော၊ ကျောက်ရောရောဖြစ်နေတယ်။ စားသောက်တဲ့နေရာမှာ တချို့ကတော့ မရှောင်နိုင်လို့စားတာ၊ တချို့ကျတော့ ရှောင်ရဲ့သားနဲ့ လျှာအလိုလိုက်၊ စိတ်အလိုလိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် အစားသောက်တွေပေါ်မှာ လွန်လွန်ကျူးကျူးမစားကြဘဲ အာဟာရတန်ဖိုး သင့်တင့်မျှတတဲ့ သဘာဝပစ္စည်းနဲ့လုပ်ထားတဲ့ အချိုရည်၊ ဖျော်ရည်များကို သောက်သုံးသင့်ပါသေးတယ်။ မန်ကျည်းရည်ကို ကိုယ့်ဘာသာကိုယ်ဖျော်ရင် အန္တရာယ်ရှိလား၊ မရှိဘူးလားဆိုတာ သိကြပါတယ်။

ကိုယ့်မိသားစုကစပြီး ကောင်းတဲ့အမူအကျင့်လေးတွေကို စတင်မယ်၊ လူမှုအသိုင်းအ၀ိုင်းထဲမှာလည်းထွန်းကားအောင် လုပ်ပေးလိုက်ရင် ဘာပဲဖြစ်ဖြစ်အလွန်အကျွံမဖြစ်ဘူးပေါ့။

အေးမြတ်မွန်(ယုဇန)-မေးမြန်းသည်

Other news
  • ◾️ ဒေါက်တာသန်းထွဋ်«လင်း-ဆေး(၁)»နှင့်တွေ့ဆုံခြင်း "မြန်မာပြည်က ထုတ်တာတွေကျတော့ အင်္ဂလိပ်လိုချည်းပဲပါနေတော့ သိပ်မသင့်ဘူး။ တကယ်တမ်းက