Loading...

◾ မြန်မာရုပ်ရှင်ဗီဒီယိုကားများ ကျပ် ၃၅၀ ဖြင့် ဖြန့်ချိရောင်းချမှု သုံးလကြာပြီးနောက် ရပ်ဆိုင်း

2017-12-06

◾ မြန်မာရုပ်ရှင်ဗီဒီယိုကားများ ကျပ် ၃၅၀ ဖြင့် ဖြန့်ချိရောင်းချမှု သုံးလကြာပြီးနောက် ရပ်ဆိုင်း

ရန်ကုန်၊ ဒီဇင်ဘာ-၅

ပီတိရုပ်ရှင်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးမှ မြန်မာရုပ်ရှင်ဗီဒီယိုကားများအား ကျပ် ၃၅၀ ဖြင့် ဖြန့်ဖြူးရောင်းချမှုများကို သုံးလကြာမြင့်ပြီးနောက် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာတွင် ဒီဇင်ဘာ ၅ရက် မွန်းလွဲ ၁နာရီက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ကျပ် ၃၅၀ဖြင့် ရောင်းချခြင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးလူမင်း လက်ထက် စက်တင်ဘာ ၅ ရက်မှ စတင်ကာ စမ်းသပ်ကာလ ခြောက်လဖြင့် ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ပြီး စမ်းသပ်ကာလနှစ်လအကြာတွင် ABC Conveniance Store ဆိုင်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ (၁၉) နှစ်ရှိ အရောင်းတာဝန်ခံတစ်ဦး အချုပ်ကျ၊ တရားစွဲဆိုခံရပြီး လက်ရှိအချိန်၌ ကျောက်တံတားတရားရုံးတွင် တရားရင်ဆိုင်နေရကြောင်း ပီတိထုတ်လုပ်ဖြန့်ချိရေး၏ ပိုင်ရှင်ဖြစ်သူ ဦးဝင်းခိုင်က ပြောဆိုသည်။

"ကျွန်တော်တို့က ရေတိုစီမံကိန်းမဟုတ်ပါဘူး။ ရေရှည်ပလန်ချထားတာ ဖြစ်တဲ့အတွက် အခုလိုဖြစ်သွားရတာကို စိတ်မကောင်းပါဘူး။ ပြီးတော့ ဈေးနှုန်းကို ကျပ် ၃၅၀ လို့ သတ်မှတ်တာမဟုတ်ပါဘူး။ ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ကိုယ်ကြိုက်တဲ့ဈေးနဲ့ ကိုယ်ရောင်းလို့ရပါတယ်။ ကျွန်တော်တို့က စက်ရုံထုတ်ခွေတွေကိုပဲ ကျပ် ၃၅၀နဲ့ရောင်းတာပါ။ ကျွန်တော်တို့အနေနဲ့က အရှုံးတွေကို ကြိုတွက်ထားပြီးသားပါ။ ဒါပေမဲ့ အပြစ်မဲ့ဝန်ထမ်းတစ်ဦးကို အကာအကွယ်မပေးနိုင်တဲ့အတွက် နိုဝင်ဘာ ၂၇ ရက်မှာ ကိုယ့်သဘောနဲ့ကိုယ် ရပ်ဆိုင်းလိုက်တာပါ"ဟု ပီတိထုတ်လုပ်ဖြန့်ချိရေး၏ ပိုင်ရှင်ဖြစ်သူ ဦးဝင်းခိုင်က ပြောဆိုသည်။

အဆိုပါ ရုပ်ရှင်ထုတ်လုပ်ရေးသည် မြန်မာရုပ်ရှင်လုပ်ငန်း ဆင်ဆာကတ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဆင်ဆာကတ်အတွက် ကုန်ကျငွေများကိုပေးသွင်းပြီး၍ ကုန်သွယ်ခွန်ပေးဆောင်ရန်အတွက် လျာထားကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် နာယကကြီးများ၊ ဥက္ကဋ္ဌများ၏ ဆုံးဖြတ်ချက်ဖြင့် တရားဝင်ခြောက်လတာ စမ်းသပ်ကာလဖြင့် လုပ်ဆောင်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

သတင်းနှင့်ဓာတ်ပုံ - ရွှန်းရွှန်း

Other news
  • ◾ မြန်မာရုပ်ရှင်ဗီဒီယိုကားများ ကျပ် ၃၅၀ ဖြင့် ဖြန့်ချိရောင်းချမှု သုံးလကြာပြီးနောက် ရပ်ဆိုင်း