Loading...

◾ ဗီယက်နမ်ကုန်စည်ပြပွဲ (၂၀၁၇) ရန်ကုန်မြို့တွင် ကျင်းပမည်

2017-12-06

◾ ဗီယက်နမ်ကုန်စည်ပြပွဲ (၂၀၁၇) ရန်ကုန်မြို့တွင် ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ-၅

ပြည်တွင်းဈေးကွက်တွင် အရည်အသွေးမြင့် ထိပ်တန်းဗီယက်နမ်ကုန်ပစ္စည်းများကို ပြသသွားမည့် ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၁၇ (Vietnam Expo in Myanmar 2017) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ခင်းကျင်းပြသသွားမည်ဖြစ်သည်။

အဆိုပါ ဗီယက်နမ်ကုန်စည်ပြပွဲနှင့်စပ်လျဉ်းပြီး ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

အဆိုပါ ဗီယက်နမ်ကုန်စည်ပြပွဲကို ဗီယက်နမ်နိုင်ငံစက်မှုလက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဦးစီးကွပ်ကဲမှု၊ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးနှင့် မြန်မာနိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတို့ဖြင့် ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီက ကမကထပြုဖွဲ့စည်းကျင်းပခြင်း ဖြစ်သည်။

"၂၀၀၉ ခုနှစ်နောက်ပိုင်း ဗီယက်နမ်ထုတ်ကုန်တွေကို ပြည်တွင်းဈေးကွက်မှာ တွေ့လာရတယ်။ ဒီလိုမျိုး Expo ကို ကျင်းပခြင်းအားဖြင့် မြန်မာနဲ့ ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်ပမာဏမြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးပြပွဲဟာ ကုန်သွယ်မှုမြှင့်တင်ခြင်းရဲ့ အခြေခံပဲဖြစ်ပါတယ်။ သူများနိုင်ငံက တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေကို လေ့လာခွင့်ရသလို ကိုယ့်နိုင်ငံကလည်းပဲ အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံခြားကလူတွေကလည်း ကိုယ့်နိုင်ငံကိုလာမယ်။ ဒီလိုလာတာဟာ ကုန်သွယ်ရေးတင်မဟုတ်ဘဲ ဝန်ဆောင်မှုလုပ်ငန်းအတွက်လည်း ကောင်းတယ်။ ကိုယ့်တိုင်းပြည်အတွက်ရော ဒီမှာလာပြီးတော့ အလုပ်လာလုပ်တဲ့သူတွေအတွက်ပါ အကျိုးရှိစေပါတယ်" ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်က ပြောဆိုသည်။

ပြပွဲတင်ဆက်သူ ၆၀ ကျော်ဖြင့် ခင်းကျင်းပြသမည့် ဗီယက်နမ်ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၁၁၀ ရှိပြီး ဗီယက်နမ်ကုန်စည်ပြပွဲကို ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

ကုန်စည်ပြပွဲတွင် ဗီယက်နမ်နိုင်ငံထွက်ကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်နှင့် အဖျော်ယမကာ (သစ်သီးဖျော်ရည်များ၊ ကျန်းမာရေးယမကာ)၊ လက်ဖက်ခြောက်၊ နွားနို့နှင့် မုန့်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ (သင်္ဘောဆေးနှင့်) စက်ပစ္စည်းကိရိယာများ၊ ဝိုင်ယာကြိုးကေဘယ်လ်ကြိုးများ၊ ရေသွယ်ဓာတ်ကြိုးများသွယ်ရာ၌ သုံးသည့်ပိုက်၊ လျှပ်စစ်မီးလုံးများ၊ ဘက်ထရီများ၊ မီးခလုတ်များ၊ လျှပ်စစ်ဆော့ကက်ပစ္စည်းများ၊ ရေပိုက်များ၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ (သောက်သုံးဆေးဝါးများနှင့် ရေမွှေး) တို့ကို ပြသသွားမည်ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - တိုးအောင်(မြန်မာ့မြေ)