Loading...

◾ လှိုင်သာယာနှင့် ရွှေပြည်သာ၌ ဒုစရိုက်မှုကျူးလွန်တတ်သူများကို ဖမ်းဆီးရာတွင် စစ်ပြေးတစ်ဦးအပါ ရှစ်ဦးဖမ်းမိ

2017-12-06

◾ လှိုင်သာယာနှင့် ရွှေပြည်သာ၌ ဒုစရိုက်မှုကျူးလွန်တတ်သူများကို ဖမ်းဆီးရာတွင် စစ်ပြေးတစ်ဦးအပါ ရှစ်ဦးဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ-၅

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များအတွင်း ဒုစရိုက်မှုကျူးလွန်တတ်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မရှိန်အဟုန်မြှင့် ပိတ်ဆို့ရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာဒီဇင်ဘာ ၄ ရက် ည ၈ နာရီခန့်က စစ်ပြေးတစ်ဦးအပါ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ် (၆) ရပ်ကွက်အတွင်းနှင့် သောင်ကြီးနယ်မြေတို့မှ ခိုးမှု၊ လုယက်မှုနှင့် ဆိုးသွမ်းရမ်းကားသူများဖြစ်သည့် အမှတ်(၁၈)ရပ်ကွက်နေသူများဖြစ်သည့် အောင်မြင့်ထွန်း(ခ)ချက်ကြီး(၂၃)နှစ်၊ ဖြိုးကျော်(ခ)ကိုပု (၂၄)နှစ်နှင့် မျိုးသူ(ခ)မျိုးကြီး(၂၄)နှစ်တို့အား ခိုးမှုမသင်္ကာသဖြင့် ပြစ်မှုဥပဒေပုဒ်မ- ၃၈၂/ ကျင့် ၅၄ ဖြင့်လည်းကောင်း၊ အမှတ်(၁၅)ရပ်ကွက် နွယ်နီ(၃)လမ်းနေထွန်းထွန်း (၂၉)နှစ်အား စစ်ပြေးဖြင့်လည်းကောင်း၊ ရွှေလင်ပန်းရွာနေရှိုင်းထက်အောင် (၁၉)နှစ်နှင့် အမှတ်(၁)ရပ်ကွက်နေ မောင်မောင် (၂၂)နှစ်တို့အား ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေဖြင့်လည်းကောင်း အရေးယူခဲ့ကြောင်း သိရသည်။

အလားတူ ရွှေပြည်သာမြို့နယ် အတွင်း၌လည်း ဆိုးသွမ်းရမ်းကားသူ ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် အောင်စေတနာလမ်းနေအောင်ပြည့်ဖြိုး (၂၇)နှစ် နှင့် အမှတ်(၈) ရပ်ကွက် ဇောတိက(၁)လမ်းနေ ကျော်ခိုင် (၃၆)နှစ်တို့အား ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်အက်ဥပဒေဖြင့် အရေးယူခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ လှိုင်သာယာမြို့နယ်၌ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေအရ အရေးယူမှု ၁၁ မှု၊ လက်နက်များအက်ဥပဒေဖြင့် အရေးယူမှုသုံးမှု၊ ရဲအက်ဥပဒေဖြင့် အရေးယူမှု ငါးမှု၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ- ၅၄ အရ အရေးယူမှု ၁၃ မှုနှင့် တရားခံပြေးနှစ်ဦး၊ စစ်ပြေးလေးဦးတို့ အား ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌လည်း ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေအရ အရေးယူမှု ၁၂ မှု၊ ရဲအက်ဥပဒေဖြင့် အရေးယူမှု ကိုးမှု၊ ရာဇဝတ်ကျင့်ထုံးပုဒ်မ- ၅၄ အရ အရေးယူမှု ၁၄ မှု၊ တရားခံပြေးတစ်ဦး၊ စစ်ပြေးတစ်ဦး၊ လက်နက်များ အက်ဥပဒေပုဒ်မဖြင့် အရေးယူမှုလေးမှုတို့အား ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ယင်းမြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင်များက မှုခင်းပညာပေးဆောင်ရွက်ခြင်း၊ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းနှင့် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်း - တင့်ဇော်ထွန်း