Loading...

◾ ယာဉ်ကိုငှားရမ်းပြီး ယာဉ်မောင်းကို ဓားဖြင့်ရန်ပြုတိုက်ခိုက်သည့်လူငယ်သုံးဦးအနက် နှစ်ဦးဖမ်းမိ

2017-12-06

◾ ယာဉ်ကိုငှားရမ်းပြီး ယာဉ်မောင်းကို ဓားဖြင့်ရန်ပြုတိုက်ခိုက်သည့်လူငယ်သုံးဦးအနက် နှစ်ဦးဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ-၅

မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် ဘုမ္မာလမ်းထိပ်မှ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှောင်လမ်းသို့သွားရောက်ရန် ငွေကျပ် ၈၀၀၀ ဖြင့်ငှားရမ်းခဲ့သည့် လူငယ်သုံးဦးက ယင်းမြို့ရှောင်လမ်းအရောက် အငှားယာဉ်မောင်း၏ လည်ပင်းကို ဓားဖြင့်ထောက်၍ ရန်ပြုတိုက်ခိုက်မှုတွင် နှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာ ၂၆ ရက် နံနက် ၄ နာရီခွဲခန့်က ယင်းသို့ ငှားရမ်းလာသည့် 2J/--- PROBOX SUCCEED ယာဉ်မောင်းကို ယာဉ်နောက်ခန်းတွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးက လည်ပင်းကိုဓားဖြင့်ဆွဲခြစ်စဉ် ဓားကိုဆုပ်ကိုင်ထားပြီး ပြန်လည်ခုခံရာ မော်တော်ယာဉ်နောက်ခန်း၌ လိုက်ပါလာသူ လူငယ်အမျိုးသားနှစ်ဦးနှင့် ယာဉ်၏ရှေ့ခန်းတွင် လိုက်ပါလာသူတို့ ထွက်ပြေးသွားခဲ့ရာ ယာဉ်မောင်းမှာ လည်ပင်းနှင့် ဝဲလက်ဖဝါးတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံ၌ ပြင်ပလူနာအဖြစ်ကုသခဲ့ရကြောင်း တိုင်တန်းချက်အရ ထောက်ကြန့်နယ်မြေရဲစခန်းမှ (ပ)၁၂၄၄/၂၀၁၇၊ ပြစ်မှုဥပဒေပုဒ်မ- ၃၂၄ ဖြင့် အမှုဖွင့်ခဲ့သည်။

အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အမှုမှန်ဖော်ထုတ်ရရှိရေးအတွက်အခင်းဖြစ်စဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်၌ ပြစ်မှုကျူးလွန်သူများအသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံးကျန်ရှိခဲ့ကြောင်း စိစစ်သိရှိရသဖြင့် စုံစမ်းဆောင်ရွက်ခဲ့ရာပြစ်မှုကျူးလွန်သူများမှာ မျိုးနိုင်နှင့် ကိုရှိုင်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် စောတင်မောင်(ခ) ကိုရှိုင်း (၂၃) နှစ်ကို လှိုင်သာယာမြို့နယ် (၂)ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ အဆိုပါအမှုအား ၀တုတ်(ခ)ဇေယျာထွန်း၊ မျိုးနိုင်တို့နှင့်အတူ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ၀တုတ်(ခ)ဇေယျာထွန်းအား သန်လျင်မြို့နယ် တာဝကျေးရွာ စင်ကာပူလမ်းထိပ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူနှစ်ဦးကိုစစ်ဆေးရာ စောတင်မောင်(ခ)ကိုရှိုင်းအား သူငယ်ချင်းဖြစ်သူမျိုးနိုင်က ငွေကြေးအခက်အခဲရှိသဖြင့် လုယက်မှုကျူးလွန်ရန် နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီတွင် တိုင်ပင်ပြောဆိုခဲ့ကြောင်း၊ နိုဝင်ဘာ၂၆ရက် နံနက် ၄ နာရီတွင် အထက်ပါတိုင်တန်းချက်အတိုင်း 2J/--- PROBOX SUCCEED အငှားယာဉ်ကိုငှားရမ်းခဲ့ပြီး ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ ၀တုတ်(ခ)ဇေယျာထွန်းနှင့် စောတင်မောင်(ခ) ကိုရှိုင်းတို့အား အမှုဖြင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်၍ လွတ်မြောက်နေသူမျိုးနိုင်အားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သတင်း - တင့်ဇော်ထွန်း

Other news
  • ◾ ယာဉ်ကိုငှားရမ်းပြီး ယာဉ်မောင်းကို ဓားဖြင့်ရန်ပြုတိုက်ခိုက်သည့်လူငယ်သုံးဦးအနက် နှစ်ဦးဖမ်းမိ