Loading...

◾ အသက်မွေးနဲ့ ဘွဲ့ပညာ ဘယ်ဟာပို၍ လိုအပ်သနည်း

2017-12-06

◾ အသက်မွေးနဲ့ ဘွဲ့ပညာ ဘယ်ဟာပို၍ လိုအပ်သနည်း

"အသက်မွေးဝမ်းကျောင်းစနစ် အောင်မြင်တယ်ဆိုတဲ့နိုင်ငံမှာဆိုရင် ကလေးတွေဟာ ကျောင်းတက်တဲ့တစ်ချိန်တည်းမှာပဲ လုပ်ငန်းခွင်ဝင်ကြတယ်။ အဲဒီလို ဒွန်တွဲပြီး လုပ်သွားရပါတယ်။ ဒီတော့ တော်တော်များများဟာ ဘွဲရတာနဲ့ သူတို့အရင်တုန်းက လေ့ကျင့်ပေးထားတဲ့ လုပ်ငန်းတွေထဲမှာ တန်းပြီးအလုပ်ရသွားကြတယ်"

ယနေ့တက္ကသိုလ်ဝင်တန်းတက်နေတဲ့သူတွေကို မေးကြည့်တယ်။ မင်းတို့ တက္ကသိုလ်ဝင်တန်းအောင်ရင် ဘာလုပ်မလဲမေးတော့ အမှတ်မီရင် ဆရာဝန် လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်လို့ ဖြေတဲ့သူကများပါတယ်။ ဘာကြောင့် မင်းတို့ ဆရာဝန်တို့၊ အင်ဂျင်နီယာတို့ လုပ်ချင်ကြသလဲ၊ ဝါသနာပါလို့လားလို့ မေးတော့ ဝါသနာအရတော့ မဟုတ်ပါဘူး၊ မိဘတွေ ဖြစ်စေချင်တာရယ်၊ စီးပွားရေးတွက်ခြေကိုက်တာရယ်ကြောင့်ဖြစ်ကြောင်း ဖြေကြားကြပါတယ်။ ဒါဆိုရင် ဒီလိုင်းတွေမရရင် ဘာလုပ်မလဲလို့မေးတော့ ရိုးရိုးမေဂျာနဲ့ပဲ တက္ကသိုလ်တက်မယ်၊ သို့မဟုတ် အဝေးသင်တက်မယ်လို့ ဖြေကြားပြန်ပါတယ်။ အသက်မွေးဝမ်းကျောင်းသင်တန်းတွေသွားမယ်လို့ ပြောသူအလွန်နည်းကြောင်း တွေ့ရပါတယ်။

အသက်မွေးဝမ်းကျောင်းပညာနဲ့ပတ်သက်ပြီး နည်းပညာနှင့် အသက်မွေးပညာ လေ့ကျင့်နှီးနှောဖလှယ်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းဟာ အလွန်တန်ဖိုးရှိပြီး မှတ်သားစရာကောင်းတဲ့ မိန့်ခွန်းပါ။

ကိုယ့်ဝါသနာအရ၊ ကိုယ့်မွေးရာပါ ဗီဇအရ၊ ဒီသဘောတရားအပေါ်မှာ အခြေခံပြီးတော့ လုပ်တဲ့ကိစ္စရပ်တွေကို Vocation လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ဗီဇနဲ့ကိုက်ညီတဲ့အလုပ် လုပ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ဝါသနာနဲ့ တစ်ထပ်တည်းဖြစ်တဲ့ အလုပ်လုပ်နိုင်ဖို့အတွက် သင်ပေးတာဟာ အသက်မွေးဝမ်းကျောင်းပညာသင်ပေးတယ်လို့ မြင်တယ်လို့ ပြောပါတယ်။

ဟုတ်ပါတယ်။ လူငယ်တွေဟာ အခွင့်အရေး၊ စီးပွားရေး၊ လာဘ်လာဘတို့ကို မမျှော်မှန်းဘဲ မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ ဩဇာလွှမ်းမိုးမှုနောက်ကိုမလိုက်ဘဲ မိမိရဲ့ ဝါသနာဗီဇနဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ဖို့ လိုပါတယ်။ အသက်မွေးဝမ်းကျောင်းပညာကို ဘယ်လိုပုံစံနဲ့ ဖော်ထုတ်နိုင်မလဲဆိုတာကို စဉ်းစားတဲ့နေရာမှာ အကောင်းဆုံး၊ အတော်ဆုံးနိုင်ငံတွေကို ကြည့်စေချင်ပါတယ်။

အသက်မွေးဝမ်းကျောင်းပညာကို ဂုဏ်ယူစရာ၊ မြတ်နိုးစရာ၊ တန်ဖိုးထားစရာ ဖြစ်စေချင်တယ်။ အသက်မွေးဝမ်းကျောင်းပညာကို အထူးတန်ဖိုးထားတဲ့ နိုင်ငံတွေဟာ အင်မတန်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေပါ။ အသက်မွေးဝမ်းကျောင်းပညာကို ဘယ်လိုပုံစံနဲ့ ဖော်ထုတ်နိုင်မလဲဆိုတာကို စဉ်းစားတဲ့နေရာမှာ အကောင်းဆုံး၊ အတော်ဆုံးနိုင်ငံတွေကို ကြည့်စေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မှန်ပါတယ်။ အသက်မွေးဝမ်းကျောင်း ကျောင်းတွေ၊ လုပ်ငန်းတွေ၊ အခွင့်အလမ်းတွေကိုဖန်တီးပေးဖို့ အစိုးရကစီစဉ်ပေးဖို့ လိုအပ်ပါတယ်။ နအဖအစိုးရလက်ထက်က ရှိပြီးသားစိုက်ပျိုးရေး အထက်တန်းကျောင်းတွေကို ပိတ်ပစ်တယ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ အထက်တန်းကျောင်းတွေကို ပိတ်ပစ်တယ်။ စိုက်ပျိုးရေးဝန်ထမ်းအတော်များများကို တာဝန်မှရပ်စဲလိုက်တယ်။ မြန်မာနိုင်ငံလို စိုက်ပျိုးရေးနိုင်ငံမှာ စိုက်ပျိုးရေးအခြေခံအုတ်မြစ်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ အဲဒီအပြင် စက်မှုအထက်တန်းကျောင်းတွေကို ပိတ်ပစ်တယ်။ ဒီတော့ ဒီနိုင်ငံမှာအခြေခံအသက်မွေးဝမ်းကျောင်းတတ်မြောက်သူတွေ မျိုးဆက်ပြတ်သွားတယ်။ မြန်မာနိုင်ငံမှာ အဆောက်အအုံကြီးတွေ ဆောက်လုပ်ခွင့်ရသူတွေဟာ၊ ပန်းရန်၊လက်သမားကစပြီး ဒီမှာကျွမ်းကျင်တဲ့ လုပ်သားမရှိလို့ဆိုပြီး သူတို့နိုင်ငံက အလုပ်သမားတွေ ခေါ်လာတယ်။ ဒီကလူတွေက သူများနိုင်ငံသွားပြီး ခိုင်းတာလုပ်၊ပေးသလောက်ယူဆိုတဲ့အဖြစ်မျိုးတွေ ဖြစ်သွားတယ်။ လုပ်အားယိုစီးမှု(Labour Drain) ဖြစ်သွားတယ်။ တိုင်းပြည်အလွန်နစ်နာရပါတယ်။ မြန်မာနိုင်ငံဟာ ယခင်က အုပ်ချုပ်မှုစနစ်ပုံစံ ညံ့ဖျင်းမှုကြောင့် ဦးနှောက်ယိုစီးမှု (Brain Drain) ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ လုပ်အားယိုစီးမှု (Labour Drain)ဖြစ်တဲ့ဒဏ်ကို ခံခဲ့ရတယ်။ ဒါတွေကိုကုစားဖို့ တော်တော်အချိန်ယူရမှာပါ။

ဒီနိုင်ငံမှာက တက္ကသိုလ်ပညာ(Acadamic) ကိုမှ ပညာလို့ ထင်ကြသူတွေ၊ တက္ကသိုလ်ဘွဲ့တစ်ခုခုရမှ ဂုဏ်ရှိတယ်လို့ ထင်နေကြသူများတယ်။ သက်မွေးဝမ်းကျောင်းပညာကို ဒုတိယနေရာမှာ ထားကြတယ်။ ဥပမာ- တက္ကသိုလ်တက်ရမလား၊ ပန်းရန်ပညာသင်တန်းသွားမလားမေးရင် တက္ကသိုလ်ကိုပဲ သွားမယ်လို့ပြောကြမယ်။ အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ ပန်းရန်ပညာကို အဆင့်နိမ့်တယ်လို့ ထင်ကြတယ်။ တက္ကသိုလ်ဘွဲ့ရလို့ အလုပ်ထဲလည်းဝင်ရော သူရတဲ့ ဘွဲ့နဲ့ လုပ်ငန်းလိုအပ်ချက်နဲ့ မကိုက်တော့ဘူး။ အဲဒီတော့မှ သံဂဟေဆော်တဲ့(၀ရိန်)သင်တန်းကို တက္ကသိုလ်ဘွဲ့ရပညာရှင်ကြီး ပြန်တက်ရတော့မယ်။ ဂျပန်နိုင်ငံမှာ ပညာရှင် (Expert) တွေဟာ ဘွဲ့မရကြပါဘူး။ သူ့အလုပ်မှာသူ ကျွမ်းကျွမ်းကျင်ကျင်တတ်တော့ (Expert) ဖြစ်သွားတာတွေ တွေ့ရပါတယ်။

"အသက်မွေးဝမ်းကျောင်းပညာစနစ် အောင်မြင်တဲ့နိုင်ငံမှာဆိုလို့ရှိရင် ဒီပညာကို သင်ယူနေတဲ့လူငယ်တွေရော၊ မိဘတွေကရော သူတို့ရဲ့ အသိုင်းအဝိုင်းကပါ အသက်မွေးပညာသင်ယူနေတဲ့ လူငယ်တွေကို ဒုတိယတန်းစားပညာသင်နေတဲ့လူငယ်တွေလို့ လုံးဝမသတ်မှတ်ပါဘူး။ စံပြလို့ မြင်တဲ့နိုင်ငံတစ်နိုင်ငံမှာ ပညာရေးဝန်ကြီးမှာ သား၊ သမီးခြောက်ယောက်ရှိတယ်။ လေးယောက်ကို အသက်မွေးဝမ်းကျောင်းပညာလိုင်းကို ပို့တယ်။ ကျန်နှစ်ယောက်ပဲ တက္ကသိုလ်တက်တယ်။ အသက်မွေးဝမ်းကျောင်းပညာရေးသွားတဲ့ လေးယောက်က တက္ကသိုလ်တက်တဲ့ သားသမီးနှစ်ယောက်ထက် ပိုပြီးဝင်ငွေကောင်းတယ်။ အခြေအနေကောင်းတယ်။ ဝန်ကြီးကိုယ်တိုင်က ဒီပညာရဲ့တန်ဖိုးကို ယုံကြည်တယ်။ လေးစားတယ်။ လက်ခံတယ်။ တစ်နိုင်ငံလုံးကလည်း လက်ခံတယ်။ လူငယ်တွေကလည်း ဒီလိုင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ လိုက်ကြတယ်" လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။

တက္ကသိုလ်မတက်ဘဲ အသက်မွေးဝမ်းကျောင်းပညာသင်တွေကိုသွားတာ ဂုဏ်ငယ်တယ်လို့ ယူဆသူတွေ ရှိနေပါတယ်။ ကျွန်မမှာ သားသမီးခြောက်ရှိတယ်။ အားလုံးဘွဲ့ရသူချည်းပဲလို့ ဂုဏ်ယူဝင့်ကြွားသူတွေရှိတယ်။ အဲဒီ ခြောက်ယောက်မှာ အလုပ်လက်မဲ့ဖြစ်နေတာ ဘယ်နှယောက်ရှိသလဲဆိုတာ သူမဖြေဝံ့ဘူး။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုးတက်တဲ့နိုင်ငံအချို့မှာ ဘွဲ့ရတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့ အလုပ်မရတဲ့အခြေအနေကို ရောက်လာတာကိုလည်း တွေ့ရပါတယ်လို့ ပြောတယ်။ ပြီးတော့ ဆက်ပြောတာက အသက်မွေးဝမ်းကျောင်းစနစ် အောင်မြင်တယ်ဆိုတဲ့နိုင်ငံမှာဆိုရင် ကလေးတွေဟာ ကျောင်းတက်တဲ့တစ်ချိန်တည်းမှာပဲ လုပ်ငန်းခွင်ဝင်ကြတယ်။ အဲဒီလို ဒွန်တွဲပြီး လုပ်သွားရပါတယ်။ ဒီတော့ တော်တော်များများဟာ ဘွဲ့ရတာနဲ့ သူတို့အရင်တုန်းကလေ့ကျင့်ပေးထားတဲ့ လုပ်ငန်းတွေထဲမှာ တန်းပြီးအလုပ်ရသွားကြတယ်။ ဒီလိုအခြေအနေမျိုးရောက်အောင် ကြိုးစားသွားမယ်လို့ ဝမ်းသာစရာစကား ပြောသွားပါတယ်။

ဟိုယခင် ညပိုင်းဖွင့်တဲ့ အင်ဂျင်နီယာကျောင်းတွေရှိတယ်။ ECET ခေါ်သလား မသိဘူး။ နာမည်တော့ သိပ်မမှတ်မိပါဘူး။ နေ့လယ်မှာ မိမိတို့ သက်ဆိုင်ရာကျောင်းမှာတက်ပြီး ညဘက်ကျတော့ အဲဒီအင်ဂျင်နီယာကျောင်းကိုတက်ကြတယ်။ အဲဒီကျောင်းက လက်မှတ်ရသူဟာ အစိုးရဌာနတွေမှာ ကောင်းကောင်းအလုပ်မြန်မြန်ရကြတယ်။ ပြီးတော့ BOC ကောလိပ်ဆိုတာ ရှိခဲ့တယ်။ အဲဒီအပြင် အခြေခံပညာ၊ အလယ်တန်းနဲ့ အထက်တန်းတချို့ကို စိုက်ပျိုးရေးကျောင်း၊ စက်မှုလက်မှုကျောင်းဆိုပြီး ဒေသအခြေအနေအရ သတ်မှတ်ပေးထားတယ်။ စိုက်ပျိုးရေးကိုင်းညွတ်ကျောင်းဆိုရင် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေ အပြည့်အစုံ အလုံအလောက်ပေးတယ်။ စိုက်ပျိုးရေးဆရာခန့်ထားပေးတယ်။ စက်မှုကိုင်းညွတ်ကျောင်းလို့ သတ်မှတ်ခံတဲ့ကျောင်းဆိုရင် စက်မှုနဲ့ပတ်သက်တဲ့ပစ္စည်းတွေ အပြည့်အစုံအလုံအလောက်ပေးထားတယ်။ စက်မှုဆရာခန့်ထားပေးတယ်။ အခုတော့ အဲဒီကျောင်းတွေနဲ့ အဲဒီပစ္စည်းတွေမရှိတော့ဘူး။ အခု လူတွေကြားဖူးပုံပင် မပေါ်ပါ။ ပညာရေးဌာနမှာ ဒီစာရင်းတွေရှိမှာပါ။

ယခုအခါ အစိုးရရော ပုဂ္ဂလိကပါ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေ တော်တော်များများ ပြန်ဖွင့်စပြုနေပြီဆိုတဲ့ သတင်းကြားလိုက်ရတော့ အတော်အားရကျေနပ်စရာရှိပါတယ်။ ဒီလိုနည်းနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလည်း ပေါ်ထွက်လာမယ်၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလည်း အားကောင်းလာမယ်။ လုပ်ခလစာတွေလည်း အာဆီယံနိုင်ငံတွေနဲ့အညီ သတ်မှတ်နိုင်မယ်။ ဒီလိုဆိုရင် နိုင်ငံတကာမှာ အလုပ်သွားလုပ်နေတဲ့ အားကောင်းမောင်းသန်လုပ်အားရှင်တွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေဟာ ကိုယ့်မိခင်နိုင်ငံမှာ ပြန်လာကြမှာပါ။ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ မခက်လှပါဘူး။

ဆရာမကြီးငွေတာရီရဲ့ " သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်၊ ငါ့မြေမှာ နီဝါတင့်ရမပေါ့၊ အခွင့်အခါမျှော်လို့၊ ဥယျာဉ်တော် သာယာရေးကိုလ၊ ရှုမြင်မျှော်အခါခါတွေးပါလို့၊ မနှေးပင်အားအင်ထုတ်လို့ရယ်၊ ပေါင်းနုတ်ဖို့ခဲ" ဆိုတဲ့ ကဗျာလို သူများနိုင်ငံတွေမှာ သူ့တိုင်းပြည်သူ့လူမျိုး၊ သူ့ခေါင်းဆောင်နဲ့ တိုးတက်အောင်လုပ်နိုင်သလို ကိုယ့်နိုင်ငံမှာလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ခေါင်းဆောင်တွေနဲ့ တိုးတက်အောင်လုပ်နိုင်ရမယ်။ ဒါပေမဲ့ ပေါင်းနုတ်တတ်ဖို့ လိုတာပေါ့။

ရန်နောင်(ပညာရေး) -ရေးသည်