Loading...

◾️ နိုင်ငံရေးနဲ့အာဏာ

2017-12-06

◾️ နိုင်ငံရေးနဲ့အာဏာ

အခုဆို ဦးသန်းရွှေက နေပြည်တော်မှာ အငြိမ်းစားဘ၀နဲ့ အေးချမ်းစွာနေထိုင်ရင်း စာတွေဖတ်နေတယ်ဆိုပါတယ်။ ဦးသန်းရွှေက အင်မတန် ပါးနပ်ပါတယ်။
အာဏာကို အဆုံးစွန်အထိ ဆုပ်ကိုင်မထားခဲ့ပါဘူး။ ဘယ်နေရာမှာ ပြင်းရမယ်၊ ဘယ်နေရာမှာ ပျော့ရမယ်ဆိုတာ သူကောင်းကောင်း သိပါတယ်။ ဘယ်နေရာမှာ တင်းရမယ်၊ ဘယ်နေရာမှာ လျှော့ရမယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။ သူဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်ပါတယ်။

ခုတစ်လော စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းတွေက တယ်များလှတယ်။ အဲဒီအထဲက ထူးထူးခြားခြား သတင်းတစ်ခုက အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံက သမ္မတရောဘတ်မူဂါဘီ (Robert Mugabe) အကြောင်းဖြစ်ပါတယ်။ ဇင်ဘာဘွေဆိုတာ လူမည်းအများစုနေထိုင်တဲ့ နိုင်ငံဖြစ်တယ်။ လူဖြူတွေလည်း ရှိတယ်။ ၁၉၆၅ မှာလူဖြူခေါင်းဆောင် Ian Smithuက ဇင်ဘာဘွေကို ရိုဒီရှား (Rhodesia)လို့ သတ်မှတ်ကြေညာပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ လူနည်းစု လူဖြူအုပ်စိုးမှုကို တွန်းလှန်တဲ့ လူများစုလူမည်းတွေရဲ့ အမျိုး သားလှုပ်ရှားမှုတွေ အများအပြားဖြစ်ပေါ်ခဲ့တယ်။

ချုပ်ပြီးပြောရရင် ၁၉၈၀မှာ လူဖြူအစိုးရ ပြိုပျက်သွားပြီး တော်လှန်ရေးသမားကြီး ရောဘတ်မူဂါဘီ အာဏာရလာတယ်။ ရောဘတ်မူဂါဘီက လူဖြူတွေကို အတော်နာကျည်းနေပုံရတယ်။ လူဖြူဆန့်ကျင်ရေးတွေ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်တယ်။ လူဖြူတွေရဲ့မြေယာတွေကိုသိမ်းဆည်းပြီး ဆင်းရဲသားလူမည်း လယ်သမားတွေကို ပြန်လည်ဝေငှခဲ့တယ်။ အနောက်နိုင်ငံတွေကိုလည်း စူးရှပြင်းထန်စွာ ဝေဖန်ခဲ့တယ်။ အခုဆို သူအသက် (၉၃) နှစ်ရှိပြီ။ အသက် (၉၀) ကျော်ခဲ့ပေမယ့် နိုင်ငံရေးအာဏာကို ဆက်လက်ချုပ်ကိုင်ထားခဲ့တယ်။

သို့သော် ၂၀၁၇ နိုဝင်ဘာလမှာ သူ့ရဲ့နိုင်ငံရေးလုပ်ဆောင်မှု အမှားအယွင်းတွေကြောင့် တပ်က အာဏာသိမ်းပြီး သူ့ကို ဖယ်ရှားလိုက်တယ်။ အခြေအနေတွေက မရှင်းလင်းသေးဘူးဆိုပေမယ့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က အာဏာရှင်တစ်ဦး အလျင်အမြန်ပဲ ကွယ်ပျောက်သွားခဲ့ပါတယ်။

အာဖရိကဆိုတာ မြန်မာနဲ့ အဝေးကြီးဖြစ်ပါတယ်။ ဒီဆောင်းပါးက ဇင်ဘာဘွေနဲ့ ရောဘတ်မူဂါဘီအကြောင်း
သုံးသပ်ရေးသားဖို့မဟုတ်ပါဘူး။ နိုင်ငံရေးမှာ အာဏာကို ကာလကြာရှည် ဆုပ်ကိုင်ထားမယ်ဆိုရင် အန္တရာယ်ကျရောက် တတ်တယ်ဆိုတာကို ရေးသားလိုရင်း ဖြစ်ပါတယ်။ တစ်ချိန်က အာရှတိုက်မှာ အာဏာရှင်ပေါင်းများစွာ ပေါ်ထွန်းခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မြန်မာတို့မှာ သူ့နည်းသူ့ဟန် အာဏာရှင်များ ကြီးစိုးခဲ့ပါတယ်။

၁၉၈၆မှာ ဖိလစ်ပိုင်နိုင်ငံမှာ လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ် (Ferdinand Marcos)ဟာ တိုင်းပြည်မှ ထွက်ပြေးခဲ့ရတယ်။ ဒီလိုပဲ ၁၉၉၈မှာ အင်ဒိုနီးရှားနိုင်ငံမှာ လူထုမငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားခေါင်းဆောင် ဆူဟာတို (Suharto)ဟာလည်း ရာထူးလက်လွတ်ခဲ့ရပြီး ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်များနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အာဏာကြာရှည်ရယူခဲ့တဲ့ တောင်ကိုရီးယား စစ်ခေါင်းဆောင်ဟောင်း ပတ်ချုံဟီး (Park Chung-hee)ဟာလည်း ၁၉၇၉မှာ သူ့အတွင်းလူက လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရပြီး ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား ခေါင်းဆောင်တွေလိုပဲ တိုင်းပြည်ကို ကာလကြာရှည်အုပ်ချုပ်ခဲ့တဲ့ စင်ကာပူခေါင်းဆောင် လီကွမ်ယူ (Lee Kuan Yew)တို့၊ မလေးရှားခေါင်းဆောင် မဟာသီယာမိုဟာမက် (Mahathir Mohamad)တို့ကျတော့ သူတို့အအောင်မြင်ဆုံး အချိန်တွေမှာ သူတို့သဘောနဲ့ သူတို့ရာထူးအာဏာတွေ စွန့်လွှတ်ခဲ့ကြတယ်။ ဆိုတော့ နာမည်ကောင်း ကျန်ခဲ့တယ်ပေါ့။

နိုင်ငံရေးမှာ စီးပွားရေးက အရေးကြီးတယ်။ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးကောင်းလာရင် ကျန်တာနောက်က အကုန်လိုက်လာတယ်။ စီးပွားရေးကောင်းတယ်ဆိုတာ သာမန်အောက်ခြေနိုင်ငံသူ၊ နိင်ငံသားတွေအများစု အဆင်ပြေချောင်လည်တာကို ပြောတာနော်။ ဖိလစ်ပိုင်မှာ အာဏာရှင်မားကို့စ် လက်ထက်မှာ စီးပွားရေးတိုးတက်မှုတွေ ရှိခဲ့တယ်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဆိုလည်း မနီလာမြို့တော်မှာ ဖွင့်ခဲ့တာပဲ။ သို့သော် စီးပွားရေး အသီးအပွင့်က လက်တစ်ဆုပ်စာ လူတစ်စုအတွက်ဖြစ်နေပြီး ပြည်သူအများစုက စားဝတ်နေရေး အဆင်မပြေဘူး။ ဒီတော့ အထွေထွေ အကျပ်အတည်းတွေ ပေါင်းစုလိုက်တော့ ပြည်သူ့တော်လှန်ရေးဆိုတာ ဖြစ်လာတယ်။

အင်ဒိုနီးရှားလည်း ထိုနည်းလည်းကောင်းပဲ။ အာဏာရှင်ဆူဟာတို လက်ထက်မှာ စီးပွားရေးအခြေအနေကောင်းအချို့ ရရှိခဲ့တယ်။ လူလတ်တန်းစား သန်းပေါင်းများစွာကို ဖန်တီးမွေးထုတ်ခဲ့တယ်။ အာဆီယံရုံးချုပ် (The ASEAN Secretariat)ဆိုတာ မြို့တော်ဂျကာတာမှာ ဖွင့်ထားတာဖြစ်တယ်။ သို့သော် အင်ဒိုနီးရှားဆိုတာ လူဦးရေသန်းရာနဲ့ချီတဲ့ နိုင်ငံဖြစ်တယ်။ ဆင်းရဲမွဲတေမှုက ကြီးကြီးမားမားရှိနေဆဲဖြစ်တယ်။ အဲဒီအချိန်မှာ ဒေသတွင်း ငွေကြေးမတည်ငြိမ်မှုတွေက အင်ဒိုနီးရှားကို ရိုက်ခတ်လာခဲ့တော့ ပြည်သူတွေက ဆူဟာတိုကို အုံကြွဆန့်ကျင်လာကြတယ်။

ဒီလိုပဲ။ တောင်ကိုရီးယားမှာ ဗိုလ်ချုပ်ကြီးပတ်ချုံဟီးလက်ထက်မှာ တောင်ကိုရီးယားစီးပွားရေး အခြေခံကောင်းတွေ ရခဲ့တယ်။ သို့သော် အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ ကွန်မြူနစ်တစ္ဆေက အမြဲခြောက်နေတယ်။ စီးပွားရေးတိုးတက်ဖို့ ရုန်းကန်ရင်း အလုပ်သမားဆန္ဒပြပွဲတွေ၊ ကျောင်းသား ဆန္ဒပြပွဲတွေနဲ့ လုံးချာလည်လိုက်နေခဲ့တယ်။ ချုပ်ပြီးပြောရရင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားမှာ စီးပွားရေးအသီးအပွင့်တွေကို နိုင်ငံသားတွေဟာ အညီအမျှ မခံစားကြရဘူး။ ပြောင်းလဲချိန်တန်တဲ့ အချိန်မှာတော့ သူတို့ခေါင်းဆောင်တွေ ဇာတ်သိမ်းတွေ မလှကြဘူးပေါ့။ သူတို့သုံးဦးစလုံး အာဏာရှင်တံဆိပ် အကပ်ခံကြတယ်။

စင်ကာပူနဲ့ မလေးရှားကျတော့ စီးပွားရေးဖွံ့ဖြိုးမှုက ကောင်းတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ဖွံ့ဖြိုးမှု အသီးအပွင့်တွေကိုလည်း မျှဝေခံစားရတယ်။ အိမ်နီးချင်း ထိုင်းတို့၊ မြန်မာတို့၊ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့က အလုပ်သမားတွေ မလေးရှား၊ စင်ကာပူလာပြီး အလုပ်လုပ်ကြရတယ်။ စီးပွားရေးအဆင်ပြေတော့ နိုင်ငံသားတွေက နိုင်ငံရေးကို သိပ်စိတ်မ၀င်စားကြဘူး။ အာဏာရှင်တွေ အုပ်ချုပ်နေပါတယ်ဆိုသည့်တိုင် နိုင်ငံရေးကို ဒီလောက်အလေးမထားကြဘူး။ အာရှနိုင်ငံတွေ အလူးအလဲခံခဲ့ရတဲ့ ၁၉၉၇ အာရှစီးပွားရေး အကျပ်အတည်းမှာတောင် စင်ကာပူနဲ့ မလေးရှားခေါင်းဆောင်တွေ အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့ကြတယ်။ နောက်စင်ကာပူဝန်ကြီးချုပ် လီကွမ်းယူက ရာထူးက မိမိသဘောနဲ့အငြိမ်းစားယူသွားတယ်။ အရေးပါတဲ့ Senior Minister အနေနဲ့တော့ အစိုးရအဖွဲ့မှာ ဆက်ရှိနေခဲ့တယ်။

နောက် မလေးရှားဝန်ကြီးချုပ် မဟာသီကလည်း မိမိသဘောနဲ့ ရာထူးက အငြိမ်းစားယူသွားတယ်။ ၀န်ကြီးချုပ်ရာထူးက အနားယူမယ့် မိန့်ခွန်းပြောကြားတော့ မဟာသီရော သူ့ကိုထောက်ခံသူတွေပါ မျက်ရည်ကျခဲ့ကြတယ်။ ပြောင်းလဲချိန်တန်ပြီဆိုသည့်တိုင် သူတို့ခေါင်းဆောင်တွေ ဇာတ်သိမ်းလှပခဲ့ကြတယ်။ သူတို့နှစ်ယောက်စလုံး တိုင်းပြည်ကောင်းကျိုး သယ်ပိုးခဲ့သူတွေအဖြစ် ပြည်တွင်းမှာသာမက ပြည်ပမှာပါ အသိအမှတ်အပြုခံကြရတယ်။

အာဏာရှင်အကြောင်းပြောရင် ဒေသတွင်းက တရုတ်၊ ဗီယက်နမ်၊ လာအိုတို့လည်း ချန်ထားလို့တော့ မရဘူး။ သူတို့လည်း အာဏာရှင်ပဲလေ။ မတူတာက သူတို့က လုံးဝတစ်ပါတီ ကြီးစိုးတဲ့နိုင်ငံတွေ ဖြစ်တယ်။ အတိုက်အခံဆိုတာ လုံးဝခွင့်မပြုဘူး။ အတိုက်အခံဆိုတာ ရှင်သန်ခွင့်မပေးဘူး။ ပါတီက၊ နိုင်ငံတော်က အာဏာကို လုံးဝထိန်းချုပ်ထားတယ်။ သူတို့မှာတော့ လူထုဆန္ဒပြမှုတွေ၊ အုံကြွမှုတွေဖြစ်ဖို့ ခဲယဉ်းတယ်။ ဖြစ်ရင်လည်း အာဏာကိုထိပါးလာရင် အပြတ်တွယ်ပစ်တာပဲ။ ၁၉၈၉ မှာ တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းသားတွေဦးဆောင်တဲ့ လူထုဆန္ဒပြပွဲဆိုရင် အပြီးအပြတ် ချေမှုန်းတာ
ခံခဲ့ရတယ်။ လာအို၊ ဗီယက်နမ်ဆိုလည်း ဆန္ဒပြမယ့်သူတို့၊ တက်ကြွလှုပ်ရှားသူတို့ဆိုတာ တဖြုတ်ဖြုတ်နဲ့ ဒီလိုပဲ ဖမ်းဆီးခံရတယ်။

အခုဆို တရုတ်၊ ဗီယက်နမ်၊ လာအိုတို့ဆိုတာ အထူးသဖြင့် တရုတ်နဲ့ ဗီယက်နမ်ဆိုတာ အများကြီး တိုးတက်နေပြီ။ သူတို့ ပြည်သူတွေဆိုတာလည်း အစိုးရကို၊ ကွန်မြူနစ်ပါတီကို ကြိုက်ချင်မှ ကြိုက်မယ်။ သို့သော် အစိုးရရဲ့၊ ပါတီရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုကြတယ်။ နိုင်ငံတော်အလံ၊ ပါတီအလံအောက်မှာ စည်းလုံးစွာ အလုပ်လုပ်ကြတယ်။ ဆိုခဲ့သလို စီးပွားရေးပေါ့။ စီးပွားရေး အဆင်ပြေတော့ နိုင်ငံရေးကို သိပ်ပြောမနေတော့ဘူး။ အုပ်ချုပ်တဲ့ အာဏာပိုင်တွေတောင် အမျိုးသားသူရဲကောင်းတွေ ဖြစ်လာနေတယ်။

မြန်မာနိုင်ငံဆိုရင် ၁၉၆၂ကနေ ၁၉၈၈အထိ အာဏာရှင်ကြီးစိုးခဲ့တယ် ပြောလို့ရတယ်။ ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်နဲ့ တိုင်းပြည်ကို အုပ်ချုပ်တယ်။ အဲဒီ ၁၉၆၂ကနေ ၁၉၈၈အတွင်း အနီးဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ဒေသတွင်း ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအိုတို့ဆိုတာ စစ်တလင်းဖြစ်နေတဲ့ အချိန်ဖြစ်တယ်။ လူတွေ သိန်းသန်းချီပြီး သေဆုံးနေချိန်ဖြစ်တယ်။ ဒီလိုဒေသတွင်း အကျပ်အတည်းတွေကို အခွင့် ကောင်းယူပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူတို့ဆိုတာ သူတို့စီးပွားရေးကို အကောင်းဆုံး မြှင့်တင်လုပ်ဆောင်သွားနိုင်ခဲ့တယ်။ မြန်မာကတော့ ဆိုရှယ်လစ်စီးပွားရေး၊ သာတူညီမျှမှုဆိုတာတွေနဲ့ အိပ်မောကျနေခဲ့ပြီးနိုင်ငံက ဒေသတွင်း မဟာဗျူဟာကျတယ်၊ သဘာဝသယံဇာတ ပေါကြွယ်ဝတယ်ဆိုတာနဲ့ပဲ အချိန်တွေကုန်နေခဲ့တယ်။ ၁၉၈၈ မှာတော့ လူထုအုံကြွမှုကြီး ဖြစ်ခဲ့တယ်ပေါ့ဗျာ။ နောက် တပ်က အာဏာသိမ်းပြီး ဦးနေ၀င်း အစိုးရလည်း ပြုတ်ကျသွားတယ်။ ဦးနေ၀င်းသာ သူအာဏာရှိခဲ့စဉ် တိုင်းပြည်စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး အခွင့်အလမ်းတွေသာ နိုင်ငံသူ၊ နိုင်ငံသားတွေဆီ ဖြန့်ကြက်နိုင်ခဲ့မယ်ဆိုရင် ၈၈ အရေးအခင်းဆိုတာ ဖြစ်ချင်မှ ဖြစ်လာလိမ့်မယ်။

တကယ်တော့ လက်တွေ့ အာရှနိုင်ငံရေးအခင်းအကျင်းက အာဏာရှင်တွေဘက် ပိုအလေးသာတယ်။ အာဏာဆုပ်ဆုပ်ပိုင်ပိုင်ရှိစဉ်မှာ ပြုပြင်ပြောင်းလဲရေးလုပ်နိုင်ပြီး အဲဒီပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်အဆင်ချောခဲ့မယ်ဆိုရင် အဲဒီနိုင်ငံက ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းများတယ်။ စင်ကာပူ၊ မလေးရှားက အဲဒီသဘောတွေပေါ့။ သူတို့နိုင်ငံရေးက ဒီမိုကရေစီသာ အမည်ခံထားတယ်။ ပြည်တွင်းမှာ အတိုက်အခံတွေကို သိသိသာသာရော မသိမသာပါနှိပ်ကွပ်ထားတယ်။ စီးပွားရေးဘက်ကို အာရုံစိုက်တယ်။ အနောက်နိုင်ငံတွေ ဝေဖန်မှုကို မသိကျိုးကျွံပြုတယ်။ လုပ်စရာရှိတာ ဆက်လုပ်တယ်။ မသိကျိုးကျွံပြုရုံတင် မဟုတ်ဘူး။ မလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီဆိုရင် ဆတ်ဆတ်ထိမခံဘူး။ သူ့ကို၊ သူ့နိုင်ငံကို ဝေဖန်ရင် ချက်ချင်းတုံ့ပြန်တယ်။ သူ့ကို အနောက်အုပ်စုဆန့်ကျင်ရေး အာရှနိုင်ငံရေးသမားတစ်ယောက်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြတယ်။ ခေါင်းဆောင်မှု ကောင်းတယ်၊ စီမံခန့်ခွဲမှု ကောင်းတယ်၊ အစိုးရယန္တရားတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်တယ်၊ လာဘ်ပေးလာဘ်ယူကို ထိန်းချုပ်တိုက်ဖျက်နိုင်တယ်ဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရတယ်။ တိုင်းပြည်စီးပွားရေးကောင်းလာတယ်။ ဒီလိုနဲ့အနောက်က ဝေဖန်တာတွေ လျော့လာတယ်။ အခုဆို စင်ကာပူ၊ မလေးရှားဆိုတာ ချမ်းသာနေပြီ။

၁၉၈၈မှာ အာဏာသိမ်းပြီးတော့ စစ်အစိုးရတက်လာတယ်။ နောက်ဆုံး မြန်မာစစ်ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေါ့။ သူ့ကိုတော့ ကျွန်တော် အမှတ်ရနေမိပါတယ်။ မြန်မာတွေက လူတစ်ယောက်ကို မုန်းပြီဆိုရင် အထင်အမြင်သေးလေ့ရှိတယ်။ အရေးမပါသလို ပုံဖော်တယ်။ အသိအမှတ် မပြုဘူး။ ဘယ်သူပဲဖြစ်ဖြစ်၊ လူတစ်ယောက်မှာ ကောင်းတာ၊ ဆိုးတာ အမြဲရောထွေးနေတယ်။ မြင်အောင်ကြည့်တတ်ရမယ်။ နိုင်ငံရေးလေ့လာတယ်ဆိုတာ ချစ်သူ၊ မုန်းသူ မခွဲခြားရဘူး။ အားလုံးကိုမြင်အောင် ကြည့်တတ်ရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာရှင်ဆိုပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်သူ ဖြစ်ပါတယ်။ နေပြည်တော်ကြီး တစ်ခုလုံးကို လူမသိ၊ သူမသိ ရွှေ့ပြောင်းခဲ့သူ ဖြစ်ပါတယ်။ အငြင်းပွားဖွယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိကပဲ့ကိုင်ရှင်လည်း ဖြစ်ပါတယ်။ တပ်မတော်အစိုးရလက်ထက်ကာလက သြဇာကြီးမားလှတဲ့ စစ်ခေါင်းဆောင်များဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်အကြား လှလှပပနိုင်ငံရေးကစားခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်များမှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူလုပ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဦးသန်းရွှေဟာ လူရေးလူရာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ အချိန်စောင့်ကစားတတ်သူ ဖြစ်ပါတယ်။ ရေရှည်မဟာဗျူဟာ
အမြင်ရှိသူ ဖြစ်ပါတယ်။ နိုင်ငံရေး အထူးကျွမ်းကျင်သူ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့အခြေအနေ၊ မြန်မာလူမျိုးတွေရဲ့ သဘောသဘာဝ၊ မြန်မာ့စိတ်ထားတို့ကို အထူးတလည်ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဒီနေ့လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်နေတဲ့ အဓိကလူပုဂ္ဂိုလ်အတော်များများဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက်ရွေးချယ်ထားသူတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးရာထူးက စွန့်မယ်၊ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို အာဏာလွှဲပေးပြီး သူအနားယူမယ်လို့ သတင်းတွေ ထွက်ပေါ်လာတော့ လူတွေက မယုံကြပါဘူး။ အဲဒီတုန်းက စာရေးသူ အမေရိကန် ပြည်ထောင်စုမှာ ကျောင်းတက်နေတယ်။ မှတ်မိနေသေးတယ်။ အဲဒီတုန်းက ကမ္ဘာက စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို မြောက်ကိုရီးယားနိုင်ငံလိုမျိုး ပြင်ပနဲ့ လုံးလုံးအဆက်ဖြတ် ထားတဲ့နိုင်ငံအနေနဲ့ သိကြပါတယ်။ အမေရိကန်ကျောင်းသားတွေ presentationလုပ်ရင် ဆူဒန်က အာဏာရှင် ဘာရှီးယား (Omaral-Bashir)၊ ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီ (Robert Mugabe)၊ ကျူးဘားခေါင်းဆောင် ကတ်စထရို (Fidel Castro)၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် (Kim Jong-il)၊ ဆီးရီးယားခေါင်းဆောင် အာဆတ် (Basharal-Assad)တို့ မကြာမကြာပါတတ်ပေမယ့် မြန်မာစစ်ခေါင်းဆောင် ဦးသန်းရွှေကိုတော့ အတော်များများက မသိကြပါဘူး။ သိတဲ့သူတွေကလည်း ဦးသန်းရွှေအမည်ကိုတောင် မှန်အောင်မထွက်နိုင်ကြပါဘူး။ အဲဒီတုန်းက စာရေးသူက မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အတန်းထဲမှာ ရှင်းပြရင်း မြန်မာခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) အနားယူတော့မယ်၊ အစိုးရအသစ်တစ်ရပ်ပေါ်တော့မယ်လို့ ဆွေးနွေးတော့ အတန်းဖော်တွေက အယုံအကြည်မရှိပါဘူး။ သူတို့က ဒီကမ္ဘာမှာ ဘယ်အာဏာရှင်မှ ကိုယ့်သဘောနဲ့ကိုယ် ဆင်းသွားတယ်ဆိုတာ မရှိဘူးပေါ့။ အာဏာရှင်ဆိုတာ အာဏာကို မိမိသဘောနဲ့ ဘယ်တော့မှ မစွန့်လွှတ်ဘူး။ အဆုံးစွန်အထိ စွဲကိုင်ထားတယ်။ ဒါမှမဟုတ်လည်း လူထုအုံကြွမှုနဲ့ ဖြုတ်ချမှသာ ရတယ်ဆိုပြီး ဆွေးနွေးကြပါတယ်။

တကယ်တော့ ဦးသန်းရွှေက နိုင်ငံရေးက အမှန်တကယ် ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ဆီ ၀င်ထွက်ကြတယ်ဆိုတာကတော့ ဆရာ၊ တပည့်ဆက်ဆံရေးကတော့ ရှိမယ်လေ။ အလွတ်သဘော အကြံပေးတာလည်း ရှိချင်ရှိမယ်လေ။ အရင်ခေါင်းဆောင် ဦးနေ၀င်းတုန်းကလည်း ဒီလိုပဲ။ တပ်က အာဏာသိမ်းတယ်ဆိုပေမယ့် လူတွေကမယုံကြဘူး။ နောက်ကွယ်မှာ ဦးနေ၀င်းဆက်ရှိနေတယ်လို့ပဲ ပြောခဲ့ကြတယ်။

အခုဆို ဦးသန်းရွှေက နေပြည်တော်မှာ အငြိမ်းစားဘ၀နဲ့အေးချမ်းစွာ နေထိုင်ရင်း စာတွေဖတ်နေတယ်ဆိုပါတယ်။ ဦးသန်းရွှေက အင်မတန် ပါးနပ်ပါတယ်။ အာဏာကို အဆုံးစွန်အထိ ဆုပ်ကိုင်မထားခဲ့ပါဘူး။ ဘယ်နေရာမှာ ပြင်းရမယ်၊ ဘယ်နေရာမှာ ပျော့ရမယ်ဆိုတာ သူကောင်းကောင်း သိပါတယ်။ ဘယ်နေရာမှာ တင်းရမယ်၊ ဘယ်နေရာမှာ လျှော့ရမယ်ဆိုတာ သူကောင်းကောင်း သိပါတယ်။ သူဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်ပါတယ်။
ဘာပဲပြောပြော ပွဲက မပြီးသေးဘူးဆိုပေမယ့် ဦးသန်းရွှေဟာ လီကွမ်ယူလို၊ မဟာသီလို နာမည်ကောင်း မကျန်ရစ်ခဲ့ပေမယ့် ဖာဒီနန်မားကို့စ်လို၊ ဆူဟာတို၊ ပတ်ချုံဟီးလို ကံကြမ္မာမျိုးကိုတော့ ရှောင်ရှားနိုင်ခဲ့ပါတယ်။ သူလုပ်တာတွေ မှန်တယ်၊ ထောက်ခံတယ်လို့ ရေးနေတာ မဟုတ်ဘူးနော်။ အာဏာရှင်တိုင်း မညံ့ဘူး၊ အာဏာရှင်တိုင်း မတုံးဘူး၊ အာဏာရှင်တိုင်း မ,ဘူးဆိုတာ ရေးသားတင်ပြလိုရင်း ဖြစ်ကြောင်းပါ။

အောင်အောင် (IR) - ရေးသည်။