Loading...

◾ စာသင်သံပျံ့လွင့်ဝေ ပျော်ရွှင်ရန်အခန့်သင့်အခြေ စာကြည့်တိုက်ရှိရန်လိုကြောင်းနှင့် ကိုအံ့ဘွယ်ကျော်တို့ခေတ်က စာကြည်တိုက်တွင် လုပ်အ

2017-12-06

◾ စာသင်သံပျံ့လွင့်ဝေ ပျော်ရွှင်ရန်အခန့်သင့်အခြေ

စာကြည့်တိုက်ရှိရန်လိုကြောင်းနှင့် ကိုအံ့ဘွယ်ကျော်တို့ခေတ်က စာကြည်တိုက်တွင် လုပ်အားပေးလုပ်ခဲ့ကြကြောင်း ပြန်လည်ကြားခဲ့ရသည်၊၊ မျိုးဆက်သစ်များလက်ထက်တွင် မေဂျာအလိုက်အသင်းဖွဲ့ရန်လိုကြောင်း၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်လုပ်ဆောင်တတ်သော စိတ်ဓာတ်တို့သည် တက္ကသိုလ်မှအစပြုရမည်ဖြစ်ပြီး ပညာရေးအပြင် လူငယ်ဘ၀ကို အပြည့်အဝခံစားစေလိုကြောင်း ပြောသွားပါသည်၊၊

"ကုက္ကိုတန်းမှာ လမ်းလျှောက်မယ"
"ခုံတန်းပြာမှာ ရှာကြည့်နော်"
"ကန်စပ်မှာထိုင်ကြမယ်လေ"
"ဖယ်ရီဂိတ်ကိုလာခဲ့"

ထိုအပြောလေးများကို ပြန်ကြားရပေ တော့မည်။ မည်သည့်နေရာတွင် ကြားရမည်ထင် ပါသနည်း။ ယခင်က RC-2 ဟုလူသိများသော လိမ္မော်ရောင် အဆောက်အအုံများဖြင့် တည် ဆောက်ထားသည့် လိမ္မော်ရောင်ကောလိပ်ကို ယခုနှစ်မကုန်မီ ဒီဇင်ဘာ ၄ ရက်တွင် တက္ကသိုလ် အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ထို နေရာ ရှိ အထိမ်းအမှတ်တို့သည် ယခုအခါ ပြန်လည် ကာ အသက်ဝင်လာပြီဖြစ်သည်။ ကျောင်းတော် ကြီးနှင့်ပတ်သက်၍ တက္ကသိုလ်အဖြစ် စတင်ဖွင့် ခဲ့သည့် အချိန်မှအစပြုကာ အခြေခံပညာ ကျောင်းအဖြစ်သို့ ပြောင်းသွားသည့် အခြေ အနေ အထိ ဆောင်းပါးများစွာကို စံတော်ချိန် နေ့စဉ်သတင်းစာ၌ ဖော်ပြရေးသားခဲ့ပြီးဖြစ်ပါသည်။ သို့သော် ယခုအခါ တက္ကသိုလ်သမိုင်း ကြောင်းအနည်းငယ်ကို ပြန်လည်တင်ပြချင်ပါသည်။

လိမ္မော်ရောင်အဆောက်အအုံများနှင့် ပတ်သက်၍ ကျွန်မတို့ကျောင်းတက်စဉ်က ကြားဖူးခဲ့သည်မှာ ထိုအဆောက်အအုံများသည် အမေရိကန်မှ အားကစားရွာအဖြစ် ဆောက်ပေး ခဲ့ကြောင်းသိရသည်။ ၁၉၆၉ခုနှစ် Southeast Asian Peninsular Games (SEAP Game) ကျင်းပရန် ကျောင်းဖြစ်လာမည့် မြေ နေရာကို ရွေးချယ်ခဲ့သည်။ SEAP Game တွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှရပ်တည်နိုင်သည့် ကာလဖြစ်ပြီး ထိုနှစ်ကပြုလုပ်သည့်ပြိုင်ပွဲတွင် လည်း ရွှေ ၅၇ ခု၊ ငွေ၄၆ခု၊ ကြေး၄၆ခု စုစုပေါင်း ဆုတံဆိပ် ၁၄၉ခုရရှိခဲ့သည်။ ထိုပွဲကြီးမြန်မာနိုင်ငံ တွင် ကျင်းပမည်ဆိုသောအခါ နေရာရွေးပြီးလေ သော် ရုရှားနိုင်ငံမှ အဆင့်မြင့်နည်းပညာများဖြင့် တည်ဆောက်ခဲ့ပြီး လှပပုံဆန်းသည့် လိမ္မော် ရောင်အုတ်များကို အမေရိကန်နည်းပညာဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အားကစားပွဲများစွာ ကျင်းပခဲ့ပြီး Project ရပ်သွားသောအခါ သဘာဝသိပ္ပံတက္ကသိုလ် ဖြစ်လာသည်။ နိုင်ငံနှင့်အဝန်း ဝမ်းနည်းကြေကွဲ ကြရသည့် ကျောင်းသားများစွာ စတေးခံခဲ့ရသော ဦးသန့်အရေးအခင်းပြီးသည့် ၁၉၇၆ ခုနှစ်တွင် အမှတ်(၂)ဒေသကောလိပ် ဖြစ်လာခဲ့သည်။ ၁၉၈၂ခုနှစ်တွင်တော့ ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ)အဖြစ် အသွင်ပြောင်းသွားရာမှ ၁၉၉၆ ခုနှစ်တွင် အခြေခံပညာကျောင်းအဖြစ် သတ်မှတ် ဖွင့်လှစ်ခဲ့ပါတော့သည်။

ထိုသို့ သဘာဝသိပ္ပံတက္ကသိုလ်၊ အမှတ် (၂)ဒေသကောလိပ်၊ ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ)ဟု သုံးမည်ရခဲ့သည့် လိမ္မော်ရောင် အဆောက်အအုံကြီးသည် ယခုထက်တိုင်ပင် ဝင့်ကြွားစွာ တည်ရှိနေပါသည်။ အမှတ်ရစရာ တစ်ခုပြောရပါ လျှင် ထိုအမည်သုံးမျိုးထက် ပို၍ အသိများကြသည်က ]မိန်းမလှကျွန်း} ဟူ သတည်း။ ခေတ်အဆက်ဆက်၌ အချောအလှ ပေါင်းစုံ၊ အနုပညာရှင်ပေါင်းစုံ၊ စာပေပညာရှင် များစွာအပြင် အားကစားနှင့်ပညာရေးဘက်တွင် ပါ နောက်ကျကျန်ရစ်သည်မရှိဘဲ ရှေ့မှနေရာယူခဲ့သည်မှာ RC-2 ကျောင်းထွက်များ များစွာပါဝင် နေသည်သာဖြစ်သည်။

၂၀၁၇ ခုနှစ်ကို နှုတ်ဆက်သည့်လဖြစ် သော ဒီဇင်ဘာ ၄ ရက်တွင်မူ ပိုင်ရှင်များလက်သို့ ပြန်ရောက်ပြီးဖြစ်သည့် ကျောင်းတော်မဟာတွင် ကျောင်းပြန်လည်တက်ရောက်ကာ စာသင်နေကြ ပေပြီ။ ၁၉၉၆ခုနှစ်မှစ၍ တက္ကသိုလ်၏ အသက် ဝိညာဉ်ကိုနုတ်ယူသွားခဲ့ရာမှ နှင်းငွေ့ဝေသည် ဖြစ်စေ၊ မဝေသည်ဖြစ်စေ ကျောင်းတော်ကြီး ပြန်လည်ဖွင့်လှစ်ခဲ့ပါပြီ။ ဖောက်ပြန်သည့်ရာသီ ဥတုနှင့်အပြိုင် မဖောက်မပြန် သဘောတရား အဖြစ်ရှိနေဦးမည့် လိမ္မော်ရောင်အဆောက် အအုံများ၊ အင်းလျားလေးကန်၊ ကုက္ကိုတန်းတို့ သည် အထင်ကရရှိနေဆဲပင်။ ကျောင်းသားသစ် လေးများကို ကြိုဆိုခြင်းနှင့်အတူ ကျောင်းသား ဟောင်းကြီးများ၏ အတိတ်ပုံရိပ်တို့အား ပြန် လည်တူးဆွလျက် အပြုံးများဖြင့် အလွမ်းသယ်စေ နိုင်ရန် မေးမိသည်တို့ကို ပြောပြပါဦးမည်။

"မီသိန်း၊ အီသိန်း၊ ပရိုတိန်း
ကျွန်တော်ချစ်တာ မော်ကွန်းထိန်း
သူ့နာမည်က ဒေါ်ဒေါ်သိန်း"

ဓာတုဗေဒဘာသာရပ်တွင် သင်ကြားရသော မီသိန်း၊ အီသိန်းစသည့် ဩဂဲနစ်များ အကြောင်းကို ပြန်လည်အမှတ်ရစွာဖြင့် ပြောပြသည့်ကျောင်းသားဟောင်းကြီးတစ်ဦးရှိပါသည်။ ထိုကျောင်းသားကြီးသည် ကျောင်းသားအားလုံး ချစ်ကြသော မော်ကွန်းထိန်းဆရာမကြီးကို ချစ်စနိုးကျီစယ်ရန် အထက်ပါစာတိုလေးကို မော် ကွန်းထိန်းရုံးခန်းတံခါးဝတွင် ရေးထားခဲ့ရာဝယ် ဆရာမကြီးဖတ်မိပြီဆိုသည်ကို သိသည်နှင့် ကျောင်းဝင်းထဲတွင် လှည့်ပတ်ပြေးနေကြကြောင်း ရယ်မောရင်းပြန်ပြောပြခဲ့သည်။ ဆရာမကြီးက လည်း စိတ်ဆိုးခြင်းမရှိသည်ကို ကျောင်းသား တိုင်းသိကြပါသည်။

ကျောင်းသီချင်းပေါင်းများစွာကို သီဆိုရင်း တက္ကသိုလ်အနှံ့အရိပ်ဟပ်စေခဲ့သည့် ကိုကိုင်ဇာ ပြောပြလေသော ကျောင်းအလွမ်းသည်လည်း ရင်ခုန်ဖွယ်ကောင်းလှသည်။ ၁၉၇၉-၁၉၈၀ ပြည့်နှစ်တွင် RC-2 ၌ကျောင်းတက်ရသည့် အခါ Success , LPJ တီးဝိုင်းများဖြင့် သမိုင်းအားကစားရုံကြီးတွင် မောင်မယ်သစ်လွင်ကြိုဆို ပွဲကို အကြီးအကျယ်ကျင်းပခဲ့သည်။ သင်္ကြန်ပွဲ တိုင်းတွင် လိပ်ခုံးနှင့်မြို့တော်ခန်မများရှိ မဏ္ဍပ်များ၌ တက္ကသိုလ်အနုပညာအသင်းများအားလုံး ပါဝင်ကြရာဝယ် RC-2 ၏ဦးဆောင်သူအဖြစ် ငါးနှစ်တာဝန်ယူတင်ဆက်ခဲ့သည်။ RC-2တွင် သုံးနှစ်သာ တက်ခဲ့သော်လည်း ကျောင်းသံယောဇဉ်ကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက် ရှိသွားသည့်တိုင်အောင် RC-2 ၏ အမာခံအဖြစ် ရပ်တည်ပေးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သို့ရောက်ပြီးသော်လည်း RC-2 ကိုပင် စွဲမြဲချစ်ခင်စွာ သွားရောက်လည်ပတ် သည့်အခါ သူငယ်ချင်းအပေါင်းအဖော်များကို တစ်ယောက်တလေမျှ မတွေ့ရတော့ပေ။ မျက် မှန်းတန်းမိနေသူတွေကို မတွေ့ရတော့ ရင်ထဲမှာ တစ်မျိုးလေးခံစားရပြီး ဒီသီချင်းလေးကို ရေးဖြစ်တယ်လေ။ ၁၉၈၄- ၁၉၈၅ခုနှစ်လောက်ကပေါ့" "မပိုင်ဆိုင်သူဘ၀ကနေ ရင်နာစွာ ငေးပါရစေ စိုစိုပြည်စိမ်းလန်းကုက္ကိုတန်းလမ်းကလေးရေ"

ထိုသီချင်းသည် ကိုကိုင်ဇာ၏ ခဏတာခံစားမှုကို ရေးဖွဲ့ခဲ့သော်လည်း ၁၉၉၆ ခုနှစ်နောက်ပိုင်း အခြေခံပညာကျောင်းအဖြစ် အသွင်ပြောင်းခဲ့သည့်အခါ အမှန်တကယ်ပင် ရင်နာစွာငေးခဲ့ရသည့်အတွက် ထိုသီချင်းသည် ခေတ်တစ်ခေတ်ကို ကောင်းမွန်စွာ အမှတ်သညာပြုခဲ့သည်ဟု ဆိုရပါမည်။

၁၉၈၂-၁၉၈၃ ခုနှစ် မြန်မာစာမှ ကိုဘသက်အောင်၏ကျောင်းအလွမ်းသည်လည်း ရယ်မောဖွယ်ပင်။ ထိုစဉ်ကရှိခဲ့သော လူငယ်ကင်န်တင်းမှ အစ်ကိုကြီး၊ အစ်မကြီးဆိုင်တွင်အမြဲထိုင်၍ စားသောက်ကြသည်။ ကင်းကောင်ဟူ၍ အမည်တစ်လုံးတွင်စေမည့် ကင်းကောင်အလောင်းလျာ ကိုမျိုးမြင့်ကို ဘော်လီဘောပွဲတွင် သွားအားပေးကြသည့်အခါ ဘော်လီဘောဝတ်စုံဖြင့် ဗလများကိုမြင်ရချိန်ဝယ် မိမိတို့သူငယ်ချင်းဟူ၍ သက်သာခွင့်မပေးဘဲ အားရပါးရအော်ဟစ်ခဲ့ကြကြောင်း ပြန်လည်ပြောပြခဲ့သည်။ ဆရာမ ဒေါ်တင်တင်မြင့်၊ ဆရာဦးဝင်းမော်၊ ဒေါ်မြင့်မြင့် သန်း၊ ဆရာမင်းသိုက်မွန်၊ ဆရာဇောင်းထက်၊ ဆရာဦးမြင့်သိန်းတို့ လက်ထက်ကဖြစ်သည်။ ကြာဆံကြော်၊ ခေါက်ဆွဲကြော် တစ်ပွဲလျှင်သုံးကျပ်၊ ထမင်းဖြူ တစ်ပွဲ ငါးမူး (ပြား ၅၀)၊ လက်ဖက်ရည် တစ်ခွက်ပြား ၅၀ ခေတ်ကို မီခဲ့သည့် ကျောင်းသားဟောင်းကြီးပါ။

၁၉၈၃-၁၉၈၄ ခုနှစ် မြန်မာစာတက်ခဲ့သော ကိုအံ့ဘွယ်ကျော်သည် ကျွန်မတို့လေးစားရသည့် စာရေးဆရာကြီး မင်းကျော်၏သားဖြစ်သည်။ ကိုအံ့ဘွယ်ကျော်တို့ကျောင်းတက်စဉ်က ညောင်ပင်ကြီးအနားတွင် အုတ်ရေကန်ကြီးတစ် ကန်ရှိနေသေးသည်။ ထိုရေကန်ပေါင်ပေါ်တွင်ထိုင်ကြပြီး လမ်းသွားလမ်းလာမိန်းကလေးများကို နောက်ပြောင်ကြကြောင်းပြောသည်။ ဗလာစာအုပ်မှ အလယ်စာရွက်ကိုဖြုတ်၊ ဝါးပြီးသားပီကေ ကိုကပ်လျက် လမ်းတွင်ချထားသည့်သကာလ နင်းမိသော မိန်းကလေး၏ဖိနပ်တွင် ကပ်ပါလာပြီး ဖြုတ်မရ၊ ပြုမရဖြစ်နေသည်ကိုကြည့်ကာ တဝါးဝါးပွဲကျခဲ့ကြောင်း ပြောပါသည်။ ဗလာစာအုပ်တစ်အုပ်ကို တစ်ခဏနှင့်ကုန်အောင်ဖြုန်းပစ်ကြောင်း၊ ဗလာစာရွက်ဖြင့် စက္ကူမြားလုပ်ကာ မိန်းကလေးများကို ပစ်ရသည်မှာ အလုပ်တစ်ခုကဲ့သို့ နေ့စဉ်မငြီးမငြူ လုပ်ကြကြောင်း အားရပါးရပြောပြသည်။

ရေကန်ပေါင်ပေါ်ထိုင်ရင်း မိန်းကလေးများကို စနောက်ခဲ့ကြသလောက် T-3, T- 4 နံဘေးရှိ ဖယ်ရီဂိတ်ကိုမူ ဖြတ်ရဲသူ ယောင်္ကျားလေး ရှားလှသည်။ ထိုနေရာသည် အိမ်ကားများလာကြိုသည့်နေရာ၊ ဖယ်ရီကြိုသည့် နေရာဖြစ်သောကြောင့် ကျောင်းသူလေးများသာသီးသန့်ရှိပြီး ရှေ့မှဖြတ်မိသော ယောက်ျားလေးများအဖို့ အမှားကြီးမှားကြလေပြီ။ မိန်းကလေးများ၏ ဘယ်ညာဘယ်ညာ အော်သံတစ်မျိုးတည်းနှင့် ခြေလှမ်းပျက်ကာ မှောက်လျက်လဲမတတ် အမှားမှားအယွင်းယွင်းဖြစ်သွားနိုင်သည့် ဖယ်ရီဂိတ်ဟုခေါ်သည့်နေရာကို မည်သည့်သကောင့်သား မျှမသွားရဲကြပါ။ ထို့ ကြောင့် မိန်းကလေးများသာ ထိုင်လေ့ရှိသော ဖယ်ရီဂိတ်အား ယောင်္ကျားလေးများက "ဗိုလ်ရှုခံ"ဟူသောအမည်ကို အငှားသုံး ကာ "ဘဲရှုခံ" ဟု အမည်ပေးထားကြသည်ကို ကိုအံ့ဘွယ်ကျော်ပြောမှ သိရပါတော့သည်။ ရယ်မောဖွယ်ကောင်းလှသည့် အမှတ်ရဖွယ်များလှပါသည်။

စာကြည့်တိုက် ရှိရန်လိုကြောင်းနှင့် ကိုအံ့ဘွယ်ကျော်တို့ခေတ်က စာကြည့်တိုက်တွင် လုပ်အားပေးလုပ်ခဲ့ကြကြောင်း ပြန်လည်ကြားခဲ့ရသည်။ ဆက်သစ်များလက်ထက်တွင် မေဂျာအလိုက်အသင်းဖွဲ့ရန်လိုကြောင်း၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်လုပ်ဆောင်တတ်သော စိတ်ဓာတ်တို့သည် တက္ကသိုလ်မှအစပြုရမည်ဖြစ်ပြီး ပညာရေးအပြင် လူငယ်ဘ၀ကို အပြည့်အဝခံစားစေလိုကြောင်း ပြောသွားပါသည်။ ဖြစ်လည်းဖြစ်သင့်သည် မဟုတ်ပါလော။

၁၉၈၆-၁၉၈၇ ခုနှစ် ရူပဗေဒတွင် တက် ရောက်ခဲ့သည့် ကိုအောင်ဇော်မိုးက ပြောခဲ့သည်မှာ အဆောင်(၂)နှင့် ကပ်လျက်ဖြစ်သော လှေကားအနီး၌ ဖြစ်ခဲ့သောအဖြစ်အပျက်တစ်ခုကို အမှတ်ရသည်ဟုဆိုသည်။ ထိုနေရာသည်လှေကားငယ်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများစုဝေးရာ နေရာဖြစ်ကာ အီကိုဆောင်ပေါ်မှ ကျောင်းသား၊ ကျောင်းသူများကလည်း မျက်စိ အစာကျွေးရာနေရာဖြစ်သည်။ ယခုမူ ဟာမိုနီ စားသောက်ဆိုင်နှင့် သံဆန်ခါခြားထားပါသည်။ ကိုအောင်ဇော်မိုးကို သူငယ်ချင်းများက အကူအညီလာတောင်းသည်မှာ မိန်းကလေးသူငယ်ချင်းတစ်ဦးသည် အချင်းချင်းစိတ်အခန့်မသင့်ဖြစ်ရာမှ ငိုနေရာတွင် မည်သူမျှချော့၍မရသောကြောင့် ကိုအောင်ဇော်မိုးကို အကူအညီတောင်းခြင်းဖြစ်သည်။ သူငယ်ချင်းစိတ်အပြည့်ရှိသည့် ကိုအောင်ဇော်မိုးကလည်း သူငယ်ချင်းကိုချော့အပြီး ဘေးဘီသို့ လှည့်ကြည့်မိကာမှ ပတ်ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ အီကိုဆောင်အပေါ်ထပ်မှ ကျောင်းသား၊ ကျောင်းသူများပါ စုပြုံကြည့်နေကြကြောင်း တွေ့ပြီးသကာလ နှစ်ယောက်စလုံး ရှက်ရှက်ဖြင့် ထွက်ပြေးခဲ့ကြကြောင်း ပြောခဲ့သည်။ လွတ်လပ်ဖြူစင်စွာ ပျော်ရွှင်ခဲ့ကြရသည့် ကျောင်းသားဘ၀သည် ယခုခေတ်တွင် ပြန်လည်ပီပြင်လာပါ စေကြောင်း မျှော်လင့်ပါသည်။

နောက်တစ်ခုအမှတ်ရစရာမှာ ကိုအောင်ဇော်မိုးတို့ ပရက်တီကယ်လုပ်စဉ် ကြုံခဲ့ရသည့် အဖြစ်ပါ။ ထိုစဉ်က ရော်ဘာတောဟုခေါ်သည့် နေရာတွင် လက်တွေ့လုပ်သည့် အဆောင်များရှိခဲ့သည်။ ဓာတုဗေဒဌာနမှူး ဒေါက်တာ ဒေါ်သီတာမင်းညီ လက်တွေ့ခန်းတွင်တာဝန်ကျသောနေ့ ဖြစ်သည်။ လက်တွေ့လုပ်သည့်အခါ ရောရမည့်အရည်တို့ကိုရောပြီး လုပ်ဆောင်နည်းများကို ဆရာမကပြုလုပ်ပြပြီးသည့်အခါ ကျောင်းသားများကလိုက်လုပ်ရသည်။ လက်တွေ့လုပ်ရာတွင် အသုံးပြုသောပစ္စည်းများသည် တန်ဖိုးကြီးသည့်အပြင် ဝယ်ယူရန်ခက်ခဲသည့်အတွက် ပစ္စည်းများပျက်စီးပါက လျော်ကြေးလည်းများလှသည်။ ကိုအောင်ဇော်မိုးတို့အဖွဲ့သည် ထည့်ရမည့်ပစ္စည်းတို့ကို မှားယွင်းထည့်မိသောအခါဝယ် ကိုင်ထားသည့် ဖန်ပြွန်သည် အငွေ့များထောင်းထောင်းထလာသဖြင့် အဖွဲ့မှသူငယ်ချင်း တစ်ဦးအား ဘေစင်တွင် အမြန်သွားသွန်စေသည်။ ကျကွဲပါကလည်း လျော်ကြေးများလှသဖြင့် အပြေးအလွှားသွန်စေရသည်။ ခဏမျှအကြာ တွင် ထိုသူငယ်ချင်းကိုမတွေ့သောကြောင့် လိုက်ရှာကြရာ အပြင်တွင် တစ်ဦးတည်းထိုင်နေပြီး သူဝတ်ထားသောပုဆိုးသည် သူကိုင်ထားခဲ့သော ဖန်ပြွန်ချောင်းအတွင်းမှ အရည်များထိကာ အကွက်လိုက်အကွက်လိုက် ပေါက်ပြဲသွားခဲ့သည့်အပြင် ပေါင်အတွင်းသားများကလည်း အရည်များလောင်၍ အကွက်အကွက်များဖြစ်သွားခဲ့ကြောင်း စိတ်မကောင်းစွာတွေ့ရပါသည်။ ထိုသူငယ်ချင်းပြန်ရန် ကားငှားသည့်အခါ အငှားကားရှားပါးသည့် ခေတ်ကာလဖြစ်သည်နှင့်အညီ အေဒီလမ်းထိပ်အထိ ထွက်ငှားခဲ့ရသည်ဟုဆိုပါသည်။ ထိုကဲ့သို့ အမှတ်ရဖွယ်အဖြစ်များသည် ကျောင်းသား၊ ကျောင်းသူတိုင်းတွင်ရှိပြီး ခေတ်အဆက်ဆက်လည်း လွမ်းနေကြရဦးမည်သာ။

မကြည်ပြာ(သင်္ချာ) - ရေးသည်