Loading...

◾ မြန်မာနိုင်ငံနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ အာဆီယံနိုင်ငံ၏ လေထုညစ်ညမ်းမှု အမြင့်မားဆုံးမြို့ေ

2017-12-06

◾ မြန်မာနိုင်ငံနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ အာဆီယံနိုင်ငံ၏ လေထုညစ်ညမ်းမှု အမြင့်မားဆုံးမြို့တော် ၁၀ မြို့တွင် ရန်ကုန်မြို့လည်း ပါဝင်နေသည်ဟု သိရသည်။ ရန်ကုန်မြို့တွင်ရှိသော စက်ရုံ၊ အလုပ်ရုံများက ရေဆိုးများအပြင် လောင်စာအဖြစ် အသုံးပြုနေသော ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့မှ ထုတ်လွှတ်သော မီးခိုးငွေ့များက လေထုကို ညစ်ညမ်းစေသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်နှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ) တွင် စက်မှုလက်မှုကဏ္ဍပါဝင်မှုအချိုးသည် ၁၇ ရာခိုင်နှုန်းခန့်သာရှိသဖြင့် တခြားစက်မှုထွန်းကားသောနိုင်ငံများကဲ့သို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေထုတ်လွှတ်မှု သိသိသာသာများပြားလာခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။

သို့သော် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းမပြုဘဲ မြေပြင်ပေါ်တွင် စုပုံခြင်းနှင့် မြစ်ချောင်းများအတွင်း တိုက်ရိုက်စွန့်ပစ်ခြင်းများကြောင့်လည်းကောင်း၊ စက်ရုံ၊အလုပ်ရုံများ၊ ယာဉ်ယန္တရားအမျိုးမျိုးတို့မှ ထုတ်လွှတ်သော အခိုးအငွေ့များ၊ ဓာတ်ငွေ့များ၊ အမှုန့်များ၊ စွန့်ပစ်အရည်များကြောင့် လေထု၊ မြေထုနှင့် ရေထုညစ်ညမ်းမှုများဖြစ်ပေါ်လာရပြီး သက်ရှိလူသားများ၏ ကျန်းမာရေးအပေါ်ထိခိုက်မှုများ၊ ဇီဝမျိုးကွဲများကို ထိခိုက်ပျက်စီးမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုစသည့် ပြဿနာများက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့ ရင်ဆိုင်ကြုံတွေ့လာနေရသော ပြဿနာများဖြစ်လာသည်။

မကြာမီက ကျင်းပပြုလုပ်ခဲ့သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ စက်ရုံများ၏ ၉၀ ရာခိုင်နှုန်းသည် ရေဆိုးသန့်စင်သည့် စနစ်မရှိဘဲ ၁၀ ရာခိုင်နှုန်းခန့်သာ ရေဆိုးသန့်စင်သည့်စနစ်ရှိကြောင်း စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းသူများအသင်း၏ တာဝန်ရှိသူတစ်ဦးက မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင် ရေဆိုးများစွာ စွန့်ပစ်နေသည့်စက်ရုံ ၁၈၈ရုံရှိပြီး ယင်းစက်ရုံများအနက် ရေဆိုးသန့်စင်မှုနှင့် စနစ်တကျစွန့်ပစ်သည့် စက်ရုံအရေအတွက်မှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနမှ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်အပေါ် သိသာထင်ရှားသည့်ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ အာဆီယံနိုင်ငံ၏ လေထုညစ်ညမ်းမှုအမြင့်မားဆုံး မြို့တော် ၁၀ မြို့တွင် ရန်ကုန်မြို့လည်း ပါဝင်နေသည်ဟု သိရသည်။ ရန်ကုန်မြို့တွင်ရှိသော စက်ရုံ၊ အလုပ်ရုံများက ရေဆိုးများအပြင် လောင်စာအဖြစ်အသုံးပြုနေသော ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့မှ ထုတ်လွှတ်သော မီးခိုးငွေ့များက လေထုကို ညစ်ညမ်းစေသည်။

မော်တော်ယာဉ်အမျိုးမျိုးနှင့် ရထားတို့မှထုတ်လွှတ်သော မီးခိုးငွေ့များကလည်း လေထုကို ညစ်ညမ်းလျက်ရှိပါသည်။

၁၀ စုနှစ်များစွာ ထိန်းချုပ်ထားခဲ့ရာမှ ၂၀၁၂ ခုနှစ်မှစ၍ ပြည်ပက မော်တော်ယာဉ်တင်သွင်းခွင့်များကို ဖြေလျှော့ပေးခဲ့သဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မော်တော်ယာဉ်စီးရေသည် လျင်မြန်စွာ တိုးပွားလာခဲ့သည်။ ၂၀၁၄ ခုနှစ် မေလအထိ မြန်မာတစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ် အပါအဝင် မော်တော်ယာဉ်မျိုးစုံ စီးရေစုစုပေါင်း ၄၄၀၇၇၄၁ စီးရှိသည်ဟု သိရသည်။

ထိုအရေအတွက်သည် ၂၀၁၂ ခုနှစ်က ရှိခဲ့သည့် စီးရေ ၂၃၅၃၄၇၄ ထက် နှစ်ဆနီးပါး တိုးပွားလာသည်ဟုဆိုနိုင်ပါသည်။ ယင်းတိုးတက်မှုနှုန်းအတိုင်းသွားလျှင် ခရီးသည်နှင့်စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ်စီးရေသည် တစ်နှစ်လျှင် ၁၅ ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။ ထိုများပြားလာသော မော်တော်ယာဉ်စီးရေကြောင့်လည်း မြန်မာနိုင်ငံ၏လေထု(အထူးသဖြင့် ရန်ကုန်မြို့၏ လေထု)ကို ပိုမိုညစ်ညမ်းလာစေပါသည်။ ထို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်သည့် လောင်စာစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအစား ပြန်ပြည့်မြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို တတ်နိုင်သရွေ့ အသုံးပြုခြင်း၊ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်နှင့်ရထားများကို အစားထိုးအသုံးပြုခြင်းတို့ ဆောင်ရွက်သွားသင့်ပါသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်း မြေဧရိယာ စတုရန်းမိုင် ၂ ဒသမ ၆၁ သိန်းအနက် သစ်တောဧရိယာသည် စတုရန်းမိုင် ၁ ဒသမ ၃၇ သိန်းရှိသဖြင့် စုစုပေါင်းမြေဧရိယာ၏ ၅၂ ရာခိုင်နှုန်းသည် သစ်တောများနှင့်ဖုံးလွှမ်းလျက်ပင်ရှိနေပါသေးသည်။ ထိုသစ်တောဧရိယာ၏ ၄၃ ရာခိုင်နှုန်းကိုလည်း သစ်တောကြိုးဝိုင်းအဖြစ် စနစ်တကျသတ်မှတ်ထားရှိပြီး ထိန်းသိမ်းထားရှိပါသည်။ သစ်တောဦးစီးဌာနသည် နှစ်စဉ်ကျွန်းပျိုးပင်ပေါင်း ၂၅ သန်းမှ သန်း ၃၀ ခန့်နှင့် သစ်မာပျိုးပင်ပေါင်း သန်း ၃၀ မှ ၄၀ ခန့်တိုးချဲ့စိုက်ပျိုးနေသည်ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ရှားပါးတိရစ္ဆာန်များနှင့် ရှားပါးသစ်ပင်များကိုလည်း ထိန်းသိမ်းနိုင်ရန်အတွက် သစ်တောကြိုးဝိုင်းများရှိသော ၃၈ နေရာတွင် အမျိုးသားသဘာဝဥယျာဉ်များ ထူထောင်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းများရေးဆွဲပြီး ဖိဖိစီးစီးဆောင်ရွက်ခဲ့သဖြင့်လည်း ယခုအခါ ယင်းဒေသများတွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြည်လာသည်ကို တွေ့မြင်နိုင်ပါသည်။ ကျွန်းနှင့်သစ်မာပင်များကို ခုတ်လှဲခွင့်ပြုရာတွင်လည်း ပြောင်တလင်းခါ ခုတ်လှဲခြင်းကို ခွင့်မပြုဘဲ ရေရှည်သစ်တောမပြုန်းတီးစေသော ခုတ်လှဲသည့် စနစ်အရသာ ခွင့်ပြုထားရှိပါသည်။

ယခင်က ဥပဒေစိုးမိုးမှု အပြည့်အဝမရှိသေးသည့် နယ်စပ်ဒေသများတွင် တရားမဝင် သစ်ခိုးထုတ်လုပ်မှုများကြောင့် သစ်တောပြုန်းတီးမှုများ အတော်အတန်ရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း တောတွင်းလက်နက်ကိုင်အဖွဲ့
အစည်းများ ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့်အချိန်မှစ၍ နယ်စပ်ဒေသများတွင် သစ်တောပြုန်းတီးမှုများ သိသိသာသာ လျော့နည်းကျဆင်းသွားခဲ့သည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်နေကြရပေသည်။ ။

စာကိုး-ပြည်တွင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်ရုံဆွေးနွေးပွဲ သတင်းများ။

မောင်ပုဆိုးကြမ်း