Loading...

◾️ ရှေးအကျဆုံး သတင်းစာများနှင့် စာနယ်ဇင်း

2017-12-06

◾️ ရှေးအကျဆုံး သတင်းစာများနှင့် စာနယ်ဇင်း

ယခု ပြည်သူတင်မြှောက်သော ဒီမိုကရေစီအစိုးရ လက်ထက်တွင်လည်း စစ်ဗိုလ်ချုပ်တို့၏ အစိုးရပိုင်မီဒီယာများကို မိဘပေးခဲ့သည့်အမွေသဖွယ် ရိုသေစွာဆက်လက်ခံယူ ထိန်းသိမ်းပေးနေခြင်းမှာမူ လွန်စွာထူးဆန်း အံ့သြဖွယ်ရာဖြစ်၏။

နိုင်ငံတစ်နိုင်ငံတွင် သတင်းစာနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် နည်းပါးလျှင် တိုးတက်မှုနှေးကွေးမည် သို့မဟုတ် လိုအပ်ချက်များရှိနေမည်ဖြစ်သည်။ တရုတ်နိုင်ငံ မည်မျှတိုးတက်သည်ဆိုသော်လည်း သတင်းမီဒီယာအပေါ် အစိုးရ၏လွှမ်းမိုးမှုရှိနေသေးသည့်အလျောက် ထိပ်ပိုင်းတာဝန်ရှိသူများ၏ အကြီးအကျယ်လာဘ်စားမှုများ ရှိနေသည်မှာ ထင်ရှားသည်။ ထိုဟာကွက်မှပင် တစ်နေ့နေ့တွင် တရုတ်ပြည်၏ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်လာနိုင်သည်ဟု ကျွန်တော်သုံးသပ်မိပါသည်။

တိုင်းပြည်တစ်ပြည်ထူထောင်ရာ၌လည်း အခြားအရာများထက် ဦးစားပေး၍ အရင်ဆုံးလုပ်ဆောင်ရမည့်အလုပ်မှာ ပြည်သူများစာဖတ်ဖို့ ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံတွင်လည်း လွတ်လပ်ရေးရခါစ ဖဆပလအစိုးရလက်ထက်တွင် ဤသို့သော သတိတရားဖြင့် စာပေပြန့်ပွားထွန်းကားရေးကို ၀န်ကြီးချုပ်ကိုယ်တိုင်ပါဝင်၍ တက်တက်ကြွကြွ ဦးစားပေးဆောင်ရွက်ခဲ့သည်ကို အားလုံး သိရှိပြီးဖြစ်သည်။

၁၉၆၂ ခုနှစ် စစ်တပ်မှအာဏာသိမ်းပြီးသော် စာနယ်ဇင်း လွတ်လပ်ခွင့်များ ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊ ထိုမှတစ်ဆင့် တက်၍ ဖိနှိပ်ခြင်း၊ အစိုးရပိုင်ပြုလုပ်ခြင်းများဖြင့် နှိပ်ကွပ်ခဲ့ရာတွင် စာပေလွတ်လပ်ခွင့်သုည၊ စာပေအဆင့်အတန်း အောက်ခြေ။ ဤအကျိုးဆက်ကြောင့် တိုင်းပြည်သည်လည်း ဘက်ပေါင်းစုံမှာ နိမ့်ကျ၊ ကမ္ဘာမှာ လူရာမ၀င်၊ နိုင်ငံတကာ လိုက်၍ လက်ဝါးဖြန့်ခဲ့ရပေသည်။

အင်္ဂလိပ်သတင်းစာဆရာ 'ဟောင်းဝပ်နော်တင်'က ရုရှားနိုင်ငံတိုးတက်လာခြင်းအပေါ် သူ့အမြင်ကို ဤသို့ရေးသားခဲ့သည်။

'ရုရှားနိုင်ငံတွင် ဘော်လ်ရှီဗစ်များ အာဏာရရှိပြီးနောက် ပထမဆုံးလုပ်ဆောင်သည့်အလုပ်မှာ လူထုကို စာဖတ်တတ်အောင် သင်ကြားပေးခြင်းဖြစ်သည်။ နောက်တစ်ဆင့်လုပ်သည့်အလုပ်က စာဖတ်တတ်လာသောလူထုအတွက် သတင်းစာများ ထုတ်ဝေပေးခြင်းပင်ဖြစ်သည်။

ထို့ပြင် ဆရာကြီးပီမိုးနင်းက 'သတင်းစာ၊ မဂ္ဂဇင်းအလုပ်သည် စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသားကြီးပွားတိုးတက်ရေး အလုပ်ကြီးတစ်ခုဖြစ်သောကြောင့် ဤအလုပ်ကို နေရာတကျ မလုပ်နိုင်သေးသောလူမျိုးသည် လူမျိုးအဆင့်အတန်း၌ လွန်စွာ အောက်ကျဖို့သာ ရှိပေသည်'ဟု ဆိုမိန့်ခဲ့သည်။

'စစ်အာဏာရှင်မှာ အမှန်တရားနှင့် ဝေးကွာသူများဖြစ်သောကြောင့် စာရေးဆရာနှင့် သူတို့ဖန်တီးသောစာပေများကို စစ်ဗိုလ်ချုပ်များက ရန်သူသဖွယ် သဘောထားခဲ့သည်။ ရန်သူ၏လက်ထဲတွင် ကြီးပြင်းရသော ကလေးငယ်သည် အဘယ်မှာလျှင် ဖွံ့ဖြိုးတိုးတက်ပါအံ့နည်း။ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်လျက် ကြီးပြင်းခဲ့ရသည်။

စစ်အာဏာရှင်များက တစ်ဖက်တွင် စာပေကင်ပေတိုင်ဖြင့် ဖိနှိပ်ခဲ့သည့်အပြင် တစ်ဖက်တွင် ပြည်သူ့ဘဏ္ဍာဖြင့် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်နှယ် အစိုးရသတင်းစာများ ထုတ်ဝေခြင်းအားဖြင့် စာပေလောကကို နာလန်မထူ နိုင်အောင် ချေမှုန်းခဲ့သည်။

စစ်အာဏာရှင်များမို့ ဤသို့ပြုသည်မှာ မဆန်းသော်လည်း ယခုပြည်သူတင်မြှောက်သော ဒီမိုကရေစီအစိုးရ လက်ထက်တွင်လည်း စစ်ဗိုလ်ချုပ်တို့၏ အစိုးရပိုင်မီဒီယာများကို မိဘပေးခဲ့သည့်အမွေသဖွယ် ရိုသေစွာဆက်လက် ခံယူထိန်းသိမ်းပေးနေခြင်းမှာမူ လွန်စွာထူးဆန်းအံ့သြဖွယ်ရာဖြစ်၏။ သို့သော်လည်း အစိုးရတစ်ရပ်လုံးနှင့် ပြည်သူ တစ်ရပ်လုံး စစ်လောင်းရိပ်မိနေခြင်းမှ ရုန်းမထွက်နိုင်သေးသည်ဖြစ်ရာ အရပ်သားများ၌ စစ်အတွေးအခေါ်များ လက်ခံ ရှင်သန်နေဦးမည် ဖြစ်ပေသည်။

ထို့ကြောင့် ကျွန်တော့်အနေဖြင့် လွှတ်တော်များနှင့် တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပြန်ရုပ်သိမ်းသွား
သည့်တိုင်အောင် အစိုးရပိုင်သတင်းစာကို စွန့်လွှတ်၍များ ပိတ် သိမ်းကြမည်မထင်ပါ။ တက်လာမည့်အစိုးရ အဆက်ဆက်သည် ပြည်သူ့ဘဏ္ဍာသုံးစွဲလျက် ၀ါဒဖြန့်ရမည်ကို အရသာတွေ့နေကြ ဦးမည်ဖြစ်၏။ မိမိအရသာတွေ့ဖို့သာ အရေးကြီးလျက် စာပေကဏ္ဍ ဝေဆာတိုးတက်လာဖို့က အရေးကြီးမည် မဟုတ်ပေ။

အစိုးရများအနေဖြင့် စာပေတိုးတက်ရေးအတွက် ဘတ် ဂျက်စိုက်ထုတ်သုံးစွဲပေးဖို့ထက် သူတို့ဝေစုထဲကပင် အပါခံကြ မည်မထင်။ ထို့ကြောင့် မည်သည့်အစိုးရတက်တက်၊ စာရေး ဆရာသမ္မတဖြစ်ဖြစ်၊ အစိုးရတစ်ဖွဲ့လုံး စာရေးဆရာတွေ ချည်းပဲဖြစ်ဖြစ် စာပေနှင့်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်သော်လည်းကောင်း၊ စာပေလွတ်လပ်ခွင့်ရရန်လည်းကောင်း လုပ်ပေးနိုင်မည်ဟု မယုံကြည်ပါ။

သတင်းစာနှင့်စာနယ်ဇင်းတို့အနေဖြင့် မွေးဖွားခဲ့သည့်အချိန်မှာလည်း အုပ်ချုပ်ရေးသမားများ၊ စီးပွားရေးသမားများ၏ ရန်လိုခြင်းများကြားမှ ရုန်းကန်ရှင်သန်ခဲ့ကြရ၏။ နေ့စဉ်သတင်းဦး၊ သတင်းထူးများ မပုပ်မသိုးဘဲ အချိန်မီဖော်ပြနိုင်ရေး အတွက်လည်း ရှိသမျှသတင်းစာတိုက်မှလူများက ကိုယ်စီတာဝန်အသီးသီးယူ၍ နောက်မှခွေးရူးလိုက်သည့်နှယ် တက်သုတ်ရိုက်ပြီး အလုပ် လုပ်ကြရသောကြောင့် အလွန်ဖိအားများသော စာပေအမျိုးအစား (Literatures Under Pressure)အဖြစ် သတင်းစာကို နာမည်ပေးကြ၏။

ဆပ်ပြာသည်လင်ပျောက်၍ လိုက်ရှာသည့်နှယ် အမြဲပြူးတူးပျာတာဖြင့် ဖန်တီးရသော စာပေအမျိုးအစားအဖြစ်
(Literature in a Hurry) တက်သုတ်ရိုက်စာပေဟုလည်း သတင်းစာကို ကင်ပွန်းတပ်ကြ၏။ အင်္ဂလိပ်သတင်းစာဆရာ ဖရန်စစ်ဝီလျံကမူ သတင်းစာမီဒီယာကို စတုတ္ထမဏ္ဍိုင်ဟူသော စကားလုံးအစား 'အန္တရာယ်မဏ္ဍိုင်' (Dangerous Estate)ဟု ခေါ်ဝေါ်သမုတ်၍ စာအုပ်ထုတ်ဝေခဲ့ဖူး၏။ မှန်ပါပေသည်။ ပုဂ္ဂလိကသတင်းစာဟူသည် အမှားလုပ်ထား သူများအတွက် အန္တရာယ်ဟု မြင်နိုင်သလို၊ ထိုအမှားကို ဖော်ပြသူ သတင်းသမားများအတွက်လည်း အာဏာရှိသူများထံမှ လာမည့်အန္တရာယ်က ရှိနေပေသည်။

သတင်းစာဟု နာမည်တပ်မထားသော်လည်း သတင်း စာ၏ရှေ့ပြေးအဖြစ် သတင်းဖော်ပြပေးပို့သော စာစောင်တစ်ခု
သည် ၁၅၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် အင်္ဂလိပ်နှင့် စကော့လူမျိုးတို့၏တိုက်ပွဲကို အခြေခံ၍ ပေါ်ထွက်ခဲ့ဖူးသည်။

တိုက်ပွဲ၏အမည်မှာ ဖလော်ဒင်ဖီးလ်တိုက်ပွဲ (The Battle of Flodden Field)ဖြစ်၍ အဆိုပါသတင်းပေးပို့လွှာတွင် ရှေ့တန်းတစ်နေရာ၏ပုံကို (ဓာတ်ပုံမဟုတ်ဘဲ) ရုပ်ပြပုံရေးဆွဲသရုပ်ဖော်ခဲ့၏။ ယင်းကား သတင်းစာမဟုတ်သေးဘဲ ရှေ့ပြေးသတင်းလွှာအဖြစ် လက်ခံထားကြ၏။

ကမ္ဘာ့သတင်းစာအသင်းကြီး၏ဖော်ပြချက်အရ ကမ္ဘာ့ ပထမဆုံးသောသတင်းကို ဂျာမနီနိုင်ငံ၌ စတင်ထုတ်ဝေခဲ့၏။ အဆိုပါကမ္ဘာ့ပထမဆုံးသတင်းစာ၏နာမည်မှာ Relationဖြစ်၍ ဂျာမန်ဘာသာဖြင့် အပြည့်အစုံမှာ Relation Aller Furnemmenund gedenckwurdigen Historienဟူ၍ဖြစ်သည်။ ထို့ကြောင့် သတင်းစာ၏ထုတ်ဝေသူ Johann Carolus (1575-1634) ဂျာမန်အသံထွက်ဖြင့် ယိုဟန်ခါရိုလုစ်သည်လည်း ကမ္ဘာ့ပထမဆုံးသော သတင်းစာထုတ်ဝေသူ ဖြစ်ခဲ့၏။ Relationသတင်းစာကို Strasbourd ရှထရားစ်ဘုတ်ခ်မြို့တွင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ထုတ်ဝေသည့်ခုနှစ်မှာ ၁၆၀၅ ခုနှစ်ဖြစ်၏။ ယနေ့မှစ၍ရေတွက်သော် လွန်ခဲ့သောနှစ်ပေါင်း ၄၁၂ နှစ်အကြာက ဖြစ်၏။

သို့ရာတွင် ဥရောပမှတ်တမ်းများအရ ဂျာမနီနိုင်ငံ နူရင်ဘတ်မြို့ (Nuenberg)၌ ၁၄၅၇ ခုနှစ်တွင် ထုတ်ဝေသော ဂေဇက် (Gazette) သတင်းစာမှာ ဥရောပတိုက်မှာသာမက ကမ္ဘာတွင်ပါ အစောဆုံးသတင်းစာဖြစ်၏။ ထို့ပြင် ကိုလုံးမြို့မှ ခရိုနီကယ် (Chronicle) ကို ၁၄၉၀ ပြည့်နှစ် လိုက်ပဇစ်မြို့မှ Leipziger Zeitungကို ၁၆၆၀ ပြည့်နှစ်တို့မှာ ထုတ်ဝေသော နေ့စဉ်သတင်းစာများဖြစ်၏။ သတင်းစာကို ဂျာမန်ဘာသာဖြင့် Zeitung (ဆိုက်ထွန်း)ဟု ခေါ်၏။

အီတလီနိုင်ငံ ဗင်းနစ်မြို့မှ လာဂေဇက် (La Gazette)ကို ၁၅၇၀ ပြည့်နှစ်၊ ဘယ်လ်ဂျီယံနိုင်ငံ အန့်ဗာ့(Antwerp)မြို့မှ နယူးဗွေတီဒင်ဂျင် (Nieuwe Tijdingen)ကို ၁၆၁၆ ခုနှစ်၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ (Weekly News)ကို ၁၆၂၂ ခုနှစ် တွင် စသည်ဖြင့် သတင်းစာထုတ်ဝေမှုများကို မှတ်တမ်းတင်ထားရှိခဲ့၏။

ယင်းသို့ လန်ဒန်မြို့မှာ ၁၆၂၂ ခုနှစ်က Weekly News သတင်းစာထုတ်ဝေသည့် မှတ်တမ်းအထင်အရှားရှိသော်လည်း လန်ဒန်မြို့၏ ပထမဆုံးသတင်းစာအဖြစ် ၁၇၀၂ ခုနှစ်တွင် ထုတ်ဝေသည့် The Daily Courantကိုသာ ဖော်ပြနေကြ၏။ Weekly အပတ်စဉ်ဟူသော စကားလုံးကြောင့်လည်း ဖြစ်နိုင်ပေသည်။ လန်ဒန်ထက်စော၍ သတင်းစာထုတ်ဝေသောမြို့မှာ အောက်စဖို့ဒ် (Oxford)ဖြစ်၍ ၁၆၆၅ ခုနှစ်တွင် The Oxford Gazette သတင်းစာကို ပုံနှိပ်ထုတ်ဝေခဲ့၏။

မြန်မာနိုင်ငံတွင် မြန်မာဘာသာဖြင့် စတင်ထုတ်ဝေသော ပထမဆုံးသတင်းစာမှာ ဓမ္မသိတင်းစာ (ဓမ္မသတင်းစာ မဟုတ်ပါ- သိတင်းစာဖြစ်သည်) The Religious Herald ဟူ၍ဖြစ်သည်။ ၁၈၄၂ ခုနှစ်တွင်ထုတ်ဝေခြင်းဖြစ်၍ အမေရိကန် ခရစ်ယာန် သာသနာပြုဆရာများ ကြီးမှူးထုတ်ဝေကာ ခရစ် ယာန်သာသနာပြန့်ပွားရေးအတွက် အဓိကထားရေးခဲ့ကြသည်။
ရန်ကုန်မြို့တွင် ပထမဆုံးထုတ်ဝေသောသတင်းစာမှာ ၁၈၅၃ ခုနှစ် ဇန်န၀ါရီ ၅ ရက်တွင် စတင်ထုတ်သည့် 'ရန်ကုန် ခရိုနီကယ်' သတင်းစာဖြစ်ပြီး 'မော်လမြိုင် ခရိုနီကယ်'ကို အမည် ပြောင်းထုတ်ခြင်းဖြစ်သည်။

ထို့နောက် အောက်မြန်မာပြည် ရန်ကုန်နှင့်မော်လမြိုင်တို့တွင် သတင်းစာများ အစီအရီပေါ်ထွက်လာသည့်အပြင်
ဗြိတိသျှနယ်ချဲ့အစိုးရကိုယ်တိုင် အစိုးရသတင်းစာထုတ်လျက် ၀ါဒဖြန့်နေရာ အထက်မြန်မာပြည် မန္တလေး နေပြည်တော်မှ မင်းတုန်းမင်းကြီးက 'ရတနာပုံနေပြည်တော်သတင်းစာ'ကို ၁၈၇၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ (၁၈၅၃ ခုနှစ်၊ မင်းတုန်းမင်းနန်းတက်စ အချိန်ကတည်းက အောက်မြန်မာပြည်တွင် ပုံနှိပ်စက်များရောက်ရှိနေပြီဖြစ်သော်လည်း အထက်မြန်မာပြည်တွင်မူ ၁၈၆၄ ခုနှစ်မှသာ ပုံနှိပ်စက်ရောက်ခဲ့ခြင်းဖြစ်၏။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ရှေးကျသောသတင်းစာများမှာ ၁၈၃၆ ခုနှစ် The Morning Star ၊ ၁၈၃၇ ခုနှစ် Moulmein Chronicle ၊ ၁၈၄၆ ခုနှစ် Moulmein Advertiser ၊ ၁၈၅၃ ခုနှစ် Rangoon Chronicle ၊ ၁၈၅၃ ခုနှစ် Akyab' Commercial News (Arakan News) ၊ ၁၈၇၁ ခုနှစ် မြန်မာသံတော်ဆင့် (ရန်ကုန်)၊ ၁၈၇၃ ခုနှစ် လောကီသုတပညာ သတင်းစာ(ရန်ကုန်)၊ ၁၈၇၄ ခုနှစ်ရတနာပုံနေပြည်တော်သတင်းစာ(မန္တလေး)၊ ၁၈၇၄ ခုနှစ် မော်လမြိုင်အဆွေသတင်းစာ၊ ၁၈၇၅ ခုနှစ် ရတနာပုံသတင်းစာ(ရန်ကုန်)တို့ဖြစ်၏။

နောက်ပိုင်း ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နှင့်အတူ ပေါ်ထွက်လာသော သတင်းစာများမှာ သူရိယသတင်းစာ (၁၉၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်)နှင့် မြန်မာ့အလင်းသတင်းစာ (၁၉၁၄ ခုနှစ်)တို့ဖြစ်ကြသည်။

နောက်ပိုင်းတွင် ပါတီနိုင်ငံရေး အာဘော်သတင်းစာများ ပေါ်ထွက်ခဲ့ရာ ပါတီစွဲမရှိသည့် 'ဇေယျသတင်းစာ'က ကိုးလသာ ခံခဲ့၏။ အောင်မြန်မာသတင်းစာ၊ ပညာ့အလင်းသတင်းစာအပြင် မြန်မာဘာသာဖြင့်မဟုတ်သော သတင်းစာများပါ ပေါ်ထွက်ခဲ့၏။ သို့သော် နိုင်ငံရေး၊ စီးပွားရေး လှိုင်းဂယက်များကြားတွင် နစ်လိုက်၊ ပေါ်လိုက်ဖြင့် နောက်ဆုံးကြံ့ကြံ့ခံ ကျန်ရစ်သော သတင်းစာများမှာ မြန်မာ့အလင်း၊ သူရိယ၊ ဗန္ဓုလ၊ တိုးတက်ရေး၊ ဆယ်သန်းနှင့် ဒီးဒုတ်သတင်းစာများသာ ဖြစ်ကြ၏။ ဒုတိယကမ္ဘာစစ်ဖြစ်သည့်အချိန်တွင် သတင်းစာအားလုံးနီးပါး ပိတ်ခဲ့ရကာ ၁၉၄၂ ခုနှစ် မတ်လကုန်တွင်မူ စစ်အတွင်း အထူးထုတ်မန္တလေး 'မြန်မာ့အလင်းသတင်းစာ'နှင့် 'ဒို့ဒေါင်းလံသတင်းစာ'တို့သာ ကျန်ရစ်ခဲ့တော့၏။

လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်မှာ သတင်းစာအားလုံးလိုလိုသည် ဖဆပလအဖွဲ့ချုပ်ကို ၀န်းရံထောက်ခံ၍ ရေးသားခဲ့ကြ သော်လည်း လွတ်လပ်ရေးရပြီးနောက်တွင် သတင်းစာများ ပိုမိုများပြားထွက်ရှိသည့်တိုင် နိုင်ငံရေးစိတ်ဓာတ်ပြင်းထန်ခြင်း သိပ်မရှိကြတော့ပေ။ ပါတီနိုင်ငံရေးအကွဲအပြဲများနှင့်အတူ သတင်းစာများလည်း ဂိုဏ်းဂဏကွဲပြားခဲ့ကြသည်။ ၁၉၅၀-၆၀ ပြည့်နှစ်ကာလမှာမူ မြန်မာသတင်းစာအများဆုံး ထွက်ပေါ်ခဲ့ သည့်ကာလဟု မှတ်တမ်းတင်ရမည်ဖြစ်သည်။

၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးနေ၀င်းက ပုဂ္ဂလိကသတင်းစာအားလုံးကိုရပ်စဲလိုက်ပြီး ကြေးမုံ၊ ဟံသာဝတီ၊ ဗိုလ်တထောင်၊ မြန်မာ့အလင်းနှင့် The Guardian Daily သတင်းစာတို့ကို ပြည်သူပိုင်သိမ်းကာ အစိုးရအာ ဘော်သတင်းစာပြုလုပ်ခဲ့၏။ ယခု ဒီမိုကရေစီအစိုးရလက်ထက် တွင်လည်း အစိုးရပိုင်သတင်းစာများ ရှိနေဆဲဖြစ်၏။ ဦးသိန်းစိန် အစိုးရလက်ထက်ကကဲ့သို့ပင် ကြော်ငြာခနှုန်းထားများ လျှော့ချလျက် ပုဂ္ဂလိကသတင်းစာများမှာ ယနေ့တိုင် နာလန်မထူနိုင် ဖြစ်နေသေး၏။

မြန်မာနိုင်ငံ၌ ပထမဆုံးထုတ်ဝေသောဂျာနယ်မှာ 'ဟံသာဝတီအပတ်စဉ်ရီဗျူး'ဟူသော ဂျာနယ်ဖြစ်ကာ ၁၈၉၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည်။ Journalမှ မွေးစားယူထားသော စကားလုံးဖြစ်ပြီး ခုနစ်ရက်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသော စာစောင်ကိုခေါ်သည်။ သတင်းစာခေတ်ဦးတွင်လည်း သတင်းစာကိုပင် ဂျာနယ်ဟူ၍ ခေါ်ခဲ့ကြ၏။ ထို့ကြောင့် သတင်းစာအတတ်ပညာကို ဂျာနယ်လစ်ဇင်ဟူ၍ ခေါ်ခြင်းဖြစ်သည်။

ဂျာနယ်များလည်း မှိုလိုပေါက်ကာ ထုတ်ဝေခဲ့ကြသော်လည်း ဒုတိယကမ္ဘာစစ်မတိုင်မီ 'စနေနဂါးနီ'နှင့် 'ဂျာနယ်ကျော်' တို့သည် လူကြိုက်အများဆုံးဖြစ်လျက် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည်။ သက်တမ်းအရင့်ဆုံးဂျာနယ်များမှာ ဒီးဒုတ်ဂျာနယ်နှင့် ဗန္ဓုလဂျာနယ်တို့ဖြစ်၏။ တော်လှန်ရေးအစိုးရ တစ်ဖြစ်လဲ မဆလအစိုးရလက်ထက်၌လည်း အစိုးရနောက်ခံဂျာနယ်များ အများအပြားထွက်ခဲ့၏။ သို့သော် ဂျာနယ်တို့မှာ သက်ဆိုးရှည်ခဲ၏။ ခေတ်စနစ်ကြောင့် သော်လည်းကောင်း၊ တခြားအကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း ကြာရှည်ရပ်တည်နိုင်ရန် မလွယ်ကူပေ။

မဂ္ဂဇင်း (Magazine)ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာမှုပြုရာတွင်မူ ထူးခြားလှ၏။ ပါဠိသြဇာလွှမ်းမိုးသော ခေတ်ဖြစ်သောကြောင့် Magazine အင်္ဂလိပ်စကားကို ခေါက်ထားလျက် ဆင်တူပါဠိစကားဖြစ်သော၊ 'မဂ္ဂဇည'သို့မဟုတ် 'မဂ္ဂဇိန' သို့မဟုတ် 'မဂ္ဂဇာန'မှနေ၍ ယူကြကုန်၏။ ထို့ကြောင့် မဂ္ဂဇင်းစာအုပ်စထုတ်ထုတ်ချင်းတွင် 'မဂ္ဂဇိန်'ဟူ၍ သုံးနှုန်းခဲ့ကြ၏။ 'မဂ္ဂဇဉ်း'ဟူ၍ ညကလေးသတ်ဖြင့် သုံးစွဲသူများလည်း ရှိခဲ့သည်။ ဒဂုန်မဂ္ဂဇင်းနှင့် ခေတ်ပြိုင်နာမည်ကျော် 'က၀ိမျက်မှန်မဂ္ဂဇင်း' သည် အစဉ်တစိုက် 'က၀ိမျက်မှန်မဂ္ဂဇဉ်း'ဟူ၍သာ အသုံးပြုခဲ့သည်။ ပါဠိစကား မဂ္ဂဇိနသည် ပညာလမ်းပြစာစောင်ဟု အဓိပ္ပာယ်ရသည်ဆို၏။

မြန်မာတို့၏ ပထမဆုံးမဂ္ဂဇင်းမှာ ကြည့်မြင်တိုင် ဦးမောင်မောင်ဆေးတိုက်က ထုတ်ဝေသည့် 'မြန်မာ့ မဂ္ဂဇိန်'ဟု ခေါ်၏။ ၁၉၁၅ ခုနှစ်မတိုင်မီ ထုတ်ဝေခဲ့၏။ သို့သော် ၁၉၇၂ ခုနှစ်က မန္တလေးမြို့တွင်ပြုလုပ်သည့် နိုင်ငံတကာစာအုပ်နှစ် အထိမ်းအမှတ်ပြပွဲတွင် ၁၉၁၁ ခုနှစ်က မန္တလေးမြို့တွင် ထုတ်ဝေခဲ့သော 'ရတနာပုံ မဂ္ဂဇိန်'ဟု ပြသထားသဖြင့် ယင်းက ပို၍စောသည်ဟုလည်း ယူဆနိုင်ပါသည်။

စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် ဆေးတိုက်များမှ မဂ္ဂဇင်းများအပြိုင်အဆိုင်ထုတ်လာကြရာ ကြော်ငြာမဂ္ဂဇင်းများသာ ဖြစ်၍ စာပေသြဇာမရှိခဲ့ပေ။ ၁၉၁၇ ခုနှစ် မတ်လကျမှသာ မဂ္ဂဇင်းလောကကို ဦးဆောင်မည့် သြဇာတိက္ကမကြီးမားသော 'သူရိယမဂ္ဂဇင်း'ထွက်ပေါ်ခဲ့ ၏။ သူရိယမဂ္ဂဇင်း၏ ထူးခြားချက်မှာ ၀တ္ထုတိုစတင် ထည့်သွင်းထားခြင်းဖြစ်သည်။ ကာတွန်း ရုပ်ပြောင်များကိုလည်း စတင်သုံးစွဲခဲ့၏။ ကောလိပ်ကျောင်းသား မောင်ဘကလေး (ရွှေတလေး)၏ 'ဘကြီးမေတ္တာတုံး၏ အာဒါသမုခဒီပနီ'အမည်ဖြင့် ကာတွန်းရုပ်ပြောင်ခန်း စတင်ခဲ့၏။

ဒုတိယဦးဆောင်သောမဂ္ဂဇင်းမှာ 'ဒဂုန်မဂ္ဂဇင်း' ဖြစ်ပြီး 'မြန်မာအဆွေကုမ္ပဏီ'က ထုတ်ဝေခဲ့၏။ သရုပ် ဖော်ပန်းချီရောင်စုံ ပုံများကို အိန္ဒိယသို့ပို့၍ ရိုက်နှိပ်ထုတ်ဝေရာ အကြိုက်များ၍ ဒုတိယကမ္ဘာစစ်အထိ အောင်မြင်စွာ ရပ်တည်ခဲ့၏။

မဂ္ဂဇင်းမှာလည်း နတ်ကြီး၏။ နာမည်ကျော်စာရေးဆရာများ ပါဝင်ရေးသား၍သော်လည်းကောင်း၊ စာရေးဆရာများ စိုက်ထုတ်၍လည်းကောင်း ထုတ်ခဲ့ကြရာတွင် တစ်စောင်မျှ သက်ဆိုးမရှည်လှ။ 'ရယ်ရွှင်ဖွယ် အလင်းမဂ္ဂဇင်း' ထွက်ပေါ် လာရာတွင်မူ ရုပ်ပြောင်နှင့် ပန်းချီဆရာကြီးများဖြစ်သော ကာတွန်း ဦးဟိန်စွန်း၊ ကာတွန်းဦးဘဂျမ်းနှင့် ပန်းချီဦးငွေကိုင်တို့ သုံးဦး ထင်ရှားလာ၏။

စာရေးဆရာ ဗဂျီငိုကိုယ်တိုင် ကြီးကြပ်ရေးသားပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာပီမိုးနင်း၊ ဆရာဒဂုန်နတ်ရှင်နှင့် ဦးဖိုးကျားစသည့် ကလောင်အင်အားဖြင့် ၁၉၃၅ ခုနှစ်တွင် ထုတ်ဝေသော 'တိုးတက်ရေး မဂ္ဂဇင်း'မှာမူ လူငယ်တို့၏ အမျိုးသားစိတ်ဓာတ်ကို နှိုးဆွနိုင်၍ ကျော်ကြားခဲ့၏။ ဆရာမြို့မမောင်၏ ဆယ်သန်း (မဂ္ဂဇင်း၊ သတင်းစာ)တို့ကိုလည်း လူငယ်များ အားပေးခဲ့ သည်။ ရန်ကုန်တက္ကသိုလ်မှ ထုတ်ဝေခဲ့သော 'ဂန္တလောကမဂ္ဂဇင်း'မှာ ပြင်ပသို့ ပျံ့နှံ့ခြင်း သိပ်မရှိခဲ့ သော်လည်း ယင်းမဂ္ဂဇင်းမှ ခေတ်စမ်းစာပေများသည် နောင်အခါတွင် လျှမ်းလျှမ်းတောက် ကျော်ကြားလျက် သြဇာတိက္ကမ ရှိခဲ့၏။

ရန်ကုန်မှ မန္တလေးသို့ ပြောင်းသွားသော 'ကြီးပွားရေးမဂ္ဂဇင်း'သည် 'လူထုဂျာနယ်'အဖြစ် ပေါ်ပေါက်လာခဲ့၏။ ထို့နောက် ရန်ကုန်တွင် အရှေ့တိုင်းမဂ္ဂဇင်း၊ ၁၉၄၇ ခုနှစ်တွင် ရှုမ၀မဂ္ဂဇင်း၊ တာရာမဂ္ဂဇင်းတို့ ပေါ်လာ၏။ စာပေဗိမာန်မဂ္ဂဇင်းအပြင် အခြားလူကြိုက်များသော မဂ္ဂဇင်းများမှာ သွေးသောက်၊ မိုးဝေ၊ စန္ဒာ၊ မြ၀တီ၊ ငွေတာရီ၊ စပက်ထရမ်နှင့် ဂါဒီယန်တို့ ဖြစ်ကြ၏။

ဤနေရာတွင်စပ်မိ၍ 'စာနယ်ဇင်း'ဟူသော ဝေါဟာရအကြောင်း တင်ပြချင်သည်။ ဤ 'စာနယ်ဇင်း'ဟူသော ဝေါဟာရသည် ၁၉၃၅ ခုနှစ်ခန့်က စတင်တွယ်ကျယ်လာခဲ့ပြီးနောက် ဆရာကြီးပီမိုးနင်းရေးသည့် အတိုင်းဆိုလျှင် 'ဆီသည်မ လက်သုတ် အ၀တ်လို ဖန်တရာထေ၍ နေခဲ့၏။ အများကလက်ခံကြ၍ ခိုင်မြဲသော ဝေါဟာရဖြစ်နေသော်လည်း ယင်းတွင်ပါဝင်သော 'စာ'၏အဓိပ္ပာယ်၊ 'နယ်'၏အဓိပ္ပာယ်၊ 'ဇင်း'၏ အဓိပ္ပာယ်ကို မရှင်းနိုင်သေးဘဲ ဟာကွက်ဖြစ်နေသည်ဆို၏။ ထို့ကြောင့် ဆရာ့ဆရာကြီးများ ဦးနှောက်ခြောက်ခဲ့သော ဝေါဟာရရှင်းတမ်းကို ကျွန်တော်က အူကြောင်ကြောင်ဖြင့် ယခုလို အလွယ်တကူ ၀င်ရှင်းပေးလိုပါသည်။

'စာ'ဟူသည့်သတင်းစာ၏ နောက်ဆုံးစာလုံး၊ 'နယ်' ဟူသည့် ဂျာနယ်၏ နောက်ဆုံးစာလုံး၊ 'ဇင်း'ဟူသည့် မဂ္ဂဇင်း၏ နောက်ဆုံးစာလုံးဖြစ်ပြီး ယင်းသုံးလုံးပေါင်းလျက် 'စာနယ်ဇင်း'ဖြစ်လာ၏ ဟူပေသတည်း။

ကိုးကား-စာနယ်ဇင်းဟူသည် - မောင်ဆုရှင်၊ သိန်းတန်(ဟံသာဝတီ)၊ မောင်ပေါ်ထွန်း။

ကောင်းဆက်နိုင် - ရေးသည်။