Loading...

သူ့ကျွန်မခံ မြန်မာခံတပ်(၁)

2017-12-06

သူ့ကျွန်မခံ မြန်မာခံတပ်(၁)

"မင်းတုန်းမင်းကြီးသည်
ကင်းဝန်မင်းကြီးဦးကောင်း၏
တိုက်တွန်းစီမံချက်ဖြင့် ပြည်ပရန်သာမက
ပြည်တွင်းရန်ကိုပါ ကာကွယ်ရန်အတွက်
ခံတပ်တည်ဆောက်ခြင်းကို ခွင့်ပြုတော်မူ၍
ခံတပ်တည်ဆောက်ခဲ့သည်။"

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် စာရေးသူသည် မင်းလှမြို့ သို့ သွားပါသည်။ မင်းလှမြို့သည် မကွေးတိုင်းတွင် ရှိပါသည်။ မင်းဘူးမြို့မှ မင်းလှမြို့သို့ သွားရာ ကားလိုင်းအဆက်ကျဲ၍ မော်တော်ဆိုင်ကယ်ကယ်ရီငှားပြီး သွားပါသည်။ မင်းဘူးမြို့ နှင့် မင်းလှမြို့မှာ ၃၂ မိုင် ဝေးပါသည်။ မိနစ် ၃၀ ခန့် အကြာ မင်းလှမြို့သို့ ရောက်သည့်အခါ ကားကြီး ၀င်းအနီးရှိ "ဟန်သစ်" ဧည့်ရိပ်တွင် တည်းခိုပါသည်။

ထိုသို့ တည်းခိုစဉ် ဧည့်ရိပ်သာပိုင်ရှင် ဦးစောနိုင်သည် စာရေး သူအား မင်းလှမြို့သို့လာသည့်အကြောင်းကို မေးမြန်းရာ စာရေးသူက မင်းလှခံတပ်ကို လေ့လာကြည့်ရှုလိုကြောင်းနှင့် နဂါးဗိုလ်မောင်မောင်သက် အမည်နှင့် ဆောင်းပါး များရေးကြောင်း၊ ယခုလည်း မင်းလှခံတပ်အကြောင်းရေးရန် ရည်ရွယ်ကြောင်း ပြန်ပြောလိုက်ပါသည်။

ဦးစောနိုင်သည် သူလည်းစာပေ၀ါသနာရှင် ဖြစ်ကြောင်း၊ မင်းလှမြို့ရှိ စာရေးဆရာများ အမြဲတမ်းနံနက်ပိုင်းတွင် မြို့ထဲမှာရှိ၍ နောက်နေ့စာရေးသူကို ခေါ်သွားပြီး မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။ နောက်နေ့ နံနက်တွင် ဦးစောနိုင်သည် သူ၏မော်တော်ဆိုင်ကယ်ဖြင့် ခေါ်သွားရာ စာရေးဆရာများထိုင်သော လက်ဖက်ရည်ဆိုင်သို့ ရောက်သည့် အခါ "ဒါစာရေးဆရာကြီး နဂါးဗိုလ်မောင်မောင် သက်ဖြစ်ကြောင်း" ပြောဆို၍ စာရေးဆရာများနှင့် မိတ်ဆက် ပေးပါသည်။

ဤတွင် စာရေးဆရာ ရဲသွေးနီ(ယောမြေ)သည် "ကျွန်တော်တို့ မင်းလှမှာ စံတော်ချိန်သတင်းစာရောက်ပါတယ်။ စံတော်ချိန် သတင်းစာမှာ နဂါးဗိုလ်မောင်မောင်သက်နာမည်နဲ့ သမိုင်း ဆောင်းပါးများကို ဖတ်ရပါတယ်။ အခု ဆရာကြီးကို လူကိုယ်တိုင်တွေ့ရလို့ ကျွန်တော်တို့ ၀မ်းသာပါတယ် ဆရာကြီး"ဟု ပြောဆိုပြီး စာရေးသူကို ဧည့်ခံကျွေးမွေးစဉ် စာရေးသူနှင့် အလွန်ရင်းနှီးသောစာရေးဆရာ တောသားကြီး လူနိုင် ရောက်လာပြီး "ကိုမောင်သက် ဘယ်လိုရောက်လာ တာလဲ"ဟု မေးရာ စာရေးသူက "မင်းလှခံတပ်ကို လေ့လာ ကြည့်ရှုပြီး ဆောင်းပါးရေးမယ်လို့ စိတ်ကူးထားလို့ပါ" ပြန်၍ ပြောလိုက်ပါသည်။

"မင်းလှခံတပ်က သမိုင်းဝင်ခံတပ်ကြီး ဖြစ်တယ်။ ရေးရင်ကောင်း တာပေါ့ "ဟု တောသားကြီး လူနိုင်က အားပေးစကား ပြောပါသည်။

ခဏမျှစကားပြောပြီး စာရေးသူသည် ဦးစောနိုင်မော်တော် ဆိုင်ကယ်ဖြင့် မင်းလှခံတပ်ရှိရာသို့ သွားကြပါသည်။

မင်းလှခံတပ်သည် မင်းလှမြို့၏ အရှေ့ဘက် ဧရာဝတီမြစ် အနောက်ဘက်ကုန်းမြင့်ပေါ်တွင်တည်ရှိပါသည်။ မင်းလှခံတပ်ကို ခရစ်နှစ် ၁၈၆၀ ပြည့်နှစ် ရတနာပုံထီးနန်းစံ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီး၏ ညီတော်အိမ်ရှေ့စံ ကနောင် မင်းသားကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက် ခဲ့သည်။

ပြင်သစ်လူမျိုးနှင့် အီတာလျံလူမျိုး အင်ဂျင်နီယာများ ဖြစ်ကြသည့် ကိုမိုတိုပယ်ရီနှင့် မိုလီနာရီ တို့၏ အကူအညီဖြင့် နိုင်ငံခြားပညာတော်သင်ပြန် မြန်မာအင်ဂျင်နီယာလူငယ် များနှင့် ပူးပေါင်းတည်ဆောက်ခဲ့ပါသည်။

(ရတနာပုံထီးနန်းစံ မင်းတုန်းမင်းကြီးတွင် သားတော်၊ သမီးတော် ၅၀ ရှိရာ အရွယ်ရောက်သော သားတော်တို့ကို အိမ်ရှေ့စံ ကနောင်မင်းသားကြီး သည် တူတော်မောင်များကို ပြင်သစ်၊ အီတလီ၊ ဂျာမနီနိုင်ငံများသို့ ပညာတော်သင်စေလွှတ်ခဲ့သည်။)

မင်းလှခံတပ်ကြီးမှာ အရှေ့နောက် အလျား ၁၈၄ ပေ ရှိပြီး တောင်နှင့်မြောက် အလျား ပေ ၁၇၀ ရှိသည်။ အုတ်နံရံအမြင့် ၂၆ ပေ မြင့်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပါးတွင် တည် ဆောက်ထားပါသည်။ ခံတပ်ကြီး၏ ပန္နက်ဖွဲ့စည်းပုံ အနေအထားမှာ အနောက်ဘက်တွင် ၀င်ပေါက်တစ်ခုရှိပြီး ခံတပ်၏အလယ်တွင် မြေကွက်လပ်ချန်လှပ်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက်လေးဖက်တွင် မြန်မာစစ်သည် တော်များ နေထိုင်ရန်၊ စားနပ်ရိက္ခာသိုလှောင်ရန်စသည့် အခန်းများနှင့် ပါဝင်ဖွဲ့စည်းထားပါသည်။ အခန်းအရေအတွက် မှာ အရှေ့ဘက်ခြမ်းတွင် ခုနစ်ခန်း၊ အနောက်ဘက်ခြမ်းလေး ခန်း၊ တောင်ဘက်ခြမ်းတွင် ခြောက်ခန်း၊ မြောက်ဘက်ခြမ်းတွင် လေးခန်း စုစုပေါင်း ၂၁ ခန်း ရှိသည်။

ခံတပ်၏ အတွင်းပိုင်းမှ အပေါ်သို့ တက်ရောက်ရန်၊ တောင်ဘက်အုတ်နံရံတွင် လှေကားနှစ်ခုနှင့် မြောက်ဘက် အုတ်နံရံတွင် လှေကားနှစ်ခုတပ်ဆင်ထားသည်။ ထို့အတူ ခံတပ်၏ အနောက်ဘက်အ၀င်ပေါက်၏ ဘေးဝဲယာမှ ခံတပ် အပေါ်သို့ အမြောက်များတင်ရန်အတွက် ဆင်ခြေလျှော မြေလမ်းပြုလုပ်ထားပြီး အပေါ်ထပ်တွင် အ၀င်ပေါက်ပြုလုပ် ထားပါသည်။ ရန်သူတို့၏ အမြောက်ဒဏ်ကို ခံနိုင်ရည်ရှိစေရန် အုတ်နံရံအထူကြီး နှစ်ခုကြား၌ မြေသားများဖို့၍ ထားရှိသည်။

ခရစ်နှစ် ၁၈၈၅ ခုနှစ် နယ်ချဲ့ ဗြိတိသျှစစ်တပ်များ ၀င်ရောက် တိုက်ခိုက်စဉ် မင်းလှခံတပ်မှ မင်းထင်မင်းလှရဲခေါင်သူရိန်နှင့် မြန်မာတပ်သား ၅၀၀ ကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊ လှံ၊ သေနတ်၊ မီးပေါက် စသည်တို့ဖြင့် ကြံ့ကြံ့ခံကာ ဗြိတိသျှစစ်သားများကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ ခံတပ်ကြီး၏ မြောက်ဘက်အနီးတွင် မြန်မာဘုရင်ခေတ်ကြေးနန်းရုံးငယ် တစ်ခု အခုခေတ်တိုင် ကျန်ရှိ၍နေသည်ကို တွေ့မြင်ရပါသည်။

ခရစ်နှစ် ၁၉၅၇ ခုနှစ် ယခုအချိန်အထိ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနတို့မှ ပြုပြင်ထိန်း သိမ်းစောင့်ရှောက်ထားပါသည်။

ထို့နောက် မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် ရတနာပုံထီးနန်းစံ မင်းတုန်းမင်းကြီးလက်ထက်တော်တွင် နန်းတွင်းပညာရှိ ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ယောမင်းကြီးဦးဘိုးလှိုင်တို့ နှစ်ဦး၏ စီမံချက်ဖြင့် နိုင်ငံခြားအင်ဂျင်နီယာအီတလီလူမျိုး ကွန်မိုတိုတို့က ဦးဆောင်ကြီးကြပ်၍ ခံတပ်တည်ဆောက် သည်။ ခံတပ် တည်ဆောက်ရာတွင် ဧရာဝတီမြစ်ကြောင်းမှ မြစ်အထက်ပိုင်းသို့ နယ်ချဲ့ အင်္ဂလိပ်စစ်တပ်ချီတက်လာလျှင် ခုခံတိုက်ခိုက်ရန်၊ သုံးပွင့်ဆိုင် ခံတပ်သုံးခုကို တည်ဆောက် သည်။ ထိုခံတပ်သည် ခံစစ်စခန်းခံတပ်ဖြစ်သည်။ ထိုခံတပ် သုံးခုမှာ အစေခံခံတပ်၊ ဆင်ကျုံးခံတပ်၊ သပြေတန်း ခံတပ်တို့ ဖြစ်သည်။

စစ်ကိုင်းခံတပ် (ခေါ် )အစေခံခံတပ်သည် မန္တလေးမြို့နှင့် ၁၂ မိုင်ဝေးသော စစ်ကိုင်းမြို့၏ အနောက်ဘက် ဧရာဝတီမြစ် အနောက်ရှိ စစ်ကိုင်း မြို့တွင် ရှိပါသည်။ အစေခံခံတပ်ကို စစ်ကိုင်းမြို့ တောင်ဘက် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဘေးဝဲယာတွင် တည်ဆောက်ထားပါသည်။ အစေခံ ရပ်ကွက်တွင် တည်ဆောက်ထား၍ "အစေခံ ခံတပ်" ခေါ်ခြင်း ဖြစ်ပါသည်။

အစေခံခံတပ်ကို ရတနာပုံ ထီးနန်းစံ မင်းတုန်းမင်းလက်ထက် ခရစ်နှစ် ၁၈၇၉ ခုနှစ် အီတလီရေကြောင်းစစ်ဘက်ဌာနမှ ကွန်မိုတိုပဲရီနှင့် မိုလီနာရီတို့ နှစ်ဦးကြီးကြပ်၍ မြန်မာ အင်ဂျင်နီယာများနှင့် ပူးပေါင်းကာ တည်ဆောက်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် ကင်းဝန်မင်းကြီး ဦးကောင်း၏ တိုက်တွန်းစီမံချက်ဖြင့် ပြည်ပရန်သာမက ပြည်တွင်းရန်ကိုပါ ကာကွယ်ရန်အတွက် ခံတပ်တည်ဆောက်ခြင်းကို ခွင့်ပြုတော်မူ၍ ခံတပ်တည် ဆောက်ခဲ့သည်။

စစ်ကိုင်းမြို့ရှိ အစေခံခံတပ်သည် စက်ဝိုင်းခြမ်းပုံသဏ္ဌာန်ဖြင့် ခံတပ်ကို မြို့ဘက်သို့ လှည့်၍ တည်ဆောက်ထားသည်။ ခံတပ်အကျယ်အ၀န်းမှာ တောင်နှင့်မြောက် ပေ ၂၄၀ ရှိသည်။ အရှေ့နှင့် အနောက် ပေ ၃၂၀ ရှည်လျားသည်။ ခံတပ် အတွင်း သို့ ၀င်ရောက်ရန် မြောက်ဘက်နှင့် အရှေ့ဘက်တွင် ၀င်ပေါက် (၂)၊ တောင်ဘက်နှင့် အနောက်ဘက်မှာ ၀င်ပေါက်လုံးဝမရှိပါ။

အစေခံခံတပ်၏ တောင်ဘက်မြေသားရော အုတ်ရိုးဒု ပေ ၃၀ ခန့်ထူသည်။ ကျန် သုံးဖက် အုတ်ရိုးဒုမှာ နှစ်ပေရှိပြီး မြေသား မဖို့ဘဲ မြေအုတ်ရိုး သတ်သတ်၊ မတ်မတ်ထောင်၍ တည် ဆောက်ထားသည်။ ခံတပ်အမြင့်မှာ ကိုးပေခန့်သာ မြင့်သည်။ တောင်ဘက်မှ လွဲ၍ ကျန်ရှိနေသော အုတ်ရိုး သုံး ဖက်တွင် အမြောက်၊ သေနတ်ပြောင်းပေါက်များကို အစီအရီဖောက်ထား သည်။ ခံတပ်၏ တောင်ဘက် တွင် အလျား ၄၁ ပေ၊ အနံ ဒု နှစ်ပေ အလျား သုံးပေထူအခန်း နှစ်ခန်းရှိသည်။ ခံတပ်ပေါ်သို့ တက်ရန်၊ အရှေ့ဘက်နှင့် အနောက်ဘက်၊ တောင်ဘက်တို့ တွင် အုတ်လှေကား သုံးဆင့်ပါရှိသည်။ ခံတပ်အတွင်း၌ မြေကွက်လပ်ချန်လှပ်၍ထားပြီး တောင်ဘက်မြေကုန်းတွင် အပေါ်သို့ တက်သော အထစ်ငါးထစ်ရှိ အုတ်လှေကား၏ အရှေ့ဘက်နှင့် အနောက်ဘက် ဘေးဝဲယာတွင်အမြောက်တစ် လက်စီ ထားရှိသည်။ အမြောက်ပြောင်းဝသည် တောင်ဘက် ဧရာဝတီမြစ်ဆီသို့ ချိန်ရွယ်ထားပါသည်။

ထို့နောက် ဆင်ကျုံးခံတပ်ကိုလည်း တည်ဆောက်ထားပါ သည်။ ဆင်ကျုံးခံတပ်ကို စစ်ကိုင်းမြို့ရှိ အစေခံခံတပ်မှ အရှေ့ဘက် ဧရာဝတီမြစ်ကြောင်း အထက်သို့ဆန်သွားလျှင် ဧရာဝတီမြစ်အရှေ့ဘက် မြစ်ကမ်းဘေး၌ တည်ဆောက် ထားသည်။ ထိုခံတပ် ကို ဆင်ကျုံးခံတပ်ဟု ခေါ်သည်။

အင်းဝမြို့သည် ဒုဋ္ဌ၀တီမြစ်နှင့် ဧရာဝတီ မြစ်နှစ်ခုတို့ ပေါင်းစုံရာ မြစ်ဝတွင် မြို့တည်ထားသဖြင့် ရှေးခေတ်ကာလက "အ၀မြို့" ဟု ခေါ်သည်။ ထို့ နောက် အင်းဝဘုရင် သတိုးမင်း ဖျားလက်ထက် အင်းကိုးအင်းကို မြေဖို့၍ မြို့တည်သဖြင့် "အင်းဝမြို့" ဟူ၍ခေါ်သည်။

အင်းဝမြို့သည် ရတနာပုံနေပြည်တော်၏ အနောက်တောင် ဘက်ကိုးမိုင်ကွာဝေးသည်။ ဆင်ကျုံးခံတပ်ကို အင်းဝမြို့ အနောက်စူးစူး ဧရာဝတီမြစ်ကမ်းလမ်းဆုံးသည့်နေရာ ကုန်းမြင့်တွင် ခံတပ်တည်ဆောက်ထားသည်။ အင်းဝမြို့ရှိ ဆင်ကျုံးခံတပ်ကို ရတနာပုံနေပြည်တော် ထီးနန်းစံ၊ မင်းတုန်း မင်းကြီး နန်းစံ ၁၄ နှစ်ခန့် ကြာသည့်အခါ မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် ခံတပ် တည်ဆောက်သည်။ ဆင်ကျုံးခံတပ် တည်ဆောက်ရာတွင် ရတနာပုံနေပြည်တော်နန်းတွင်း၌ ဘုရင့်အမှုတော် ထမ်းပညာရှိပုဂ္ဂိုလ်များဖြစ်ကြသော ကင်းဝန်မင်း ကြီးဦးကောင်းနှင့် ယောအတွင်းဝန်မင်းကြီး ယောမင်းကြီး ဦးဘိုးလှိုင်တို့နှစ်ဦး စီမံချက်ဖြင့် နိုင်ငံခြားမှ အင်ဂျင်နီယာဖြစ်သော အီတလီလူမျိုး "ကွန်မိုတိုပဲရီ" ဦးဆောင်ကြီးကြပ်ပြီး နိုင်ငံခြားမှ ပြန်လာကြသော မြန်မာလူငယ်အင်ဂျင်နီယာ(မင်းတုန်းမင်းကြီးသားတော်များ) ပါဝင်၍ ဆင်ကျုံးခံတပ်ကို တည်ဆောက်သည်။

ဆင်ကျုံးခံတပ်ကို အင်းဝမြို့ အနောက်ဘက် မြို့အပြင် ဧရာဝတီမြစ်အရှေ့ဘက် မြစ်ကမ်းစပ်မြေကုန်းမြင့်မှာ တည်ဆောက်သည်။ ခံတပ်၏ အကျယ်အ၀န်းမှာ အရှေ့အနောက်တောင်မြောက် ပေ ၂၅၀ ပတ်လည်ခန့် ကျယ်ပါသည်။ ခံတပ်အတွင်း အလယ်တွင် မြေကွက်လပ် ချန်လှပ်ထားပြီး ဘေးလေးဖက်ပတ်ပတ်လည်ကို အမြင့် ပေ ၂၀ ခန့် မြင့်သော အုတ်တံတိုင်းဆောက်၍ အခိုင်အမာ တည်ထားသည်။

ခံတပ်အတွင်း၌ အုတ်နံရံအထိ မြေသားများဖြင့် ကုန်းလျှော မြေဖို့ ထား၍ အပေါ်သို့ တက်ရန် လှေကားငါးထစ်ခန့် ရှိ လှေကားငယ်တည်ဆောက်ပြီး ထိုလှေကား၏ ဘေးဝဲယာတွင် အမြောက်နှစ်လက်ထားရှိသည်။

အမြောက်နှစ်လက် ပြောင်းဝမှာ အနောက်ဘက်နှင့် မြောက်ဘက် ဧရာဝတီမြစ် ကြောင်းဆီသို့ ချိန်ရွယ်လျက် ထားရှိသည်။ ခံတပ်အတွင်း အရှေ့ မြောက်ထောင့်တွင် ခုနစ်ပေခန့် သာ မြင့်ပြီး အကျယ် ခုနစ်ပေပတ်လည်ခန့် ကျယ်ဝန်းသော အုတ်တိုက်လိုဏ်ဂူအခန်းငယ်တစ်ခုကိုလည်း တည်ဆောက် ထားသည်။ ထိုအခန်းတွင် ခဲယမ်းမီးကျောက် များနှင့် စားနပ်ရိက္ခာများ သိုလှောင်သော အခန်းဖြစ်ပါ သည်။

နဂါးဗိုလ် - မောင်မောင်သက် ရေးသည်။