Loading...

◾️ ခရီးသည်ကိုဓားထောက်လုယက်ခဲ့သည့် အငှားယာဉ်မောင်းနှင့် အဖော်အမျိုးသမီးကို ရက်ပေါင်း ၅၅ ရက်အကြာ ဖမ်းဆီးရမိ

2017-12-07

◾️ ခရီးသည်ကိုဓားထောက်လုယက်ခဲ့သည့် အငှားယာဉ်မောင်းနှင့် အဖော်အမျိုးသမီးကို ရက်ပေါင်း ၅၅ ရက်အကြာ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ-၆

ဒဂုံမြို့နယ်အတွင်း ခရီးသည် အမျိုးသမီးတစ်ဦးကို အငှားယာဉ်မောင်းက ဓားဖြင့်ထောက်၊ အတူလိုက်ပါလာသည့် အမျိုးသမီးက သံချွန်ဖြင့်ချိန်ရွယ် ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်း၊ ငွေနှင့် လက်ကိုင်ဖုန်းတို့ကို လုယက်ယူဆောင်သွားသည့်အမှုမှ ယာဉ်မောင်းနှင့်အတူပါ အမျိုးသမီးကို ရက်ပေါင်း ၅၅ ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခန့်က ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီတွင် လှည်းကူးမြို့နယ် တိုးချဲ့ရပ်ကွက်နေ ယာဉ်မောင်းရဲဝင်းထွန်း (ခ)ရဲဝင်း (၃၂)နှစ်ကို လှိုင်သာယာမြို့နယ် အမှတ် (၁၂) ရပ်ကွက်ရှိ ဦးလေးတော်စပ်သူ၏ နေအိမ်၌လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ် (၅၆) ရပ်ကွက်နေ မမီကို(၂၆) နှစ်ကို မင်္ဂလာဒုံမြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ဒီဇင်ဘာ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ ခရီးသည်အမျိုးသမီးတစ်ဦးသည် လှိုင်မြို့နယ် ဘာတာကားမှတ်တိုင်မှ လသာမြို့နယ် သံဈေးသို့သွားရန် အငှားယာဉ်ကို ငှားရမ်းစီးနင်းစဉ် ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် အတူ အမျိုးသမီးတစ်ဦးလည်းလိုက်ပါခဲ့ကြောင်း၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့အရောက်တွင် ကားအားရပ်တန့်ကာ ခရီးသည်ထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ လော့ကက်သီးတစ်ခု၊ စိန်လက်စွပ်တစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ် ၅၀၀၀၀၀ (စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၂၅ ၀၀၀၀) တို့ကို ဓားထောက် ခြိမ်းခြောက်လုယူခဲ့ကြောင်း၊ ခရီးသည်အား လမ်းမတော်မြို့နယ် ဆေးတက္ကသိုလ် (၁)ဘေး ရှိ လမ်းသွယ်တွင် ကားပေါ်မှ ချထားခဲ့ပြီးနောက် မော်တော်ယာဉ်အား မောင်းနှင်ထွက်ပြေးသွားကြောင်း ဒဂုံမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်းမှ (ပ) ၁၆၁/၂၀၁၇၊ ပြစ်မှုဥပဒေပုဒ်မ - ၃၉၂ ဖြင့် အမှုဖွင့်ခဲ့သည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အငှားယာဉ်ကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များကစုံစမ်းရာ အဆိုပါ ယာဉ်မှာ ဗဟန်းမြို့နယ် မင်းလမ်းရှိ ပစ်တိုင်းထောင်အငှား ယာဉ်ဂိတ်တွင် ဂိတ်ထိုးသည့် BB----TOYOTA Corolla Premio ယာဉ်ဖြစ်ကြောင်းနှင့် ယာဉ်မောင်းမှာ လှည်းကူးမြို့နယ် တိုးချဲ့ရပ်ကွက်နေ ရဲဝင်းထွန်း(ခ) ရဲဝင်း (၃၂)နှစ်ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ၎င်းနေထိုင်သည့် လှည်းကူးမြို့နယ် နေအိမ်သို့သွားရောက်စုံစမ်းရာ နေအိမ်တွင် နေထိုင်ခြင်းမရှိဘဲ လှိုင်သာယာမြို့နယ်ရှိ ဦးလေးတော်စပ်သူ၏ နေအိမ်ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် သွားရောက်ဖမ်းဆီးရမိပြီးနောက် စစ်ဆေးရာ မမီကို (၂၆) နှစ်နှင့်အတူ လုယက်မှုကျူးလွန်ခဲ့ကြောင်း သိရသဖြင့် မမီကိုကို ဆက်လက်ဖမ်းဆီးခဲ့ရာ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အား စစ်ဆေးချက်အရ ရဲဝင်းထွန်း (ခ) ရဲဝင်းနှင့် မမီကိုတို့သည် အငှားယာဉ်အား အကြို/အပို့လုပ်စဉ် ရင်းနှီးခဲ့ကြောင်း၊ အောက်တိုဘာ ၈ ရက် ည ၁၂ နာရီတွင် ရဲဝင်းထွန်း (ခ) ရဲဝင်းက မမီကိုကို ဖုန်းဆက်ခေါ်ဆောင်ပြီး ၎င်းအငှားယာဉ်ဖြင့် ခရီးသည်များကို ပို့ဆောင်ပေးခဲ့ကြောင်း၊ အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီတွင် လှိုင်မြို့နယ် ဘာတာကားမှတ်တိုင်မှ သံဈေးသို့သွားရန် အမျိုးသမီးတစ်ဦးက ငှားရမ်းလိုက်ပါလာစဉ်အဆိုပါ အမျိုးသမီးထံမှ ပါလာသည့်ပစ္စည်းများ လုယက်ရန်တိုင်ပင်ခဲ့ကြပြီးနောက် အထက်ပါအမှုဖြစ်စဉ်အတိုင်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ ယာဉ်နှင့်သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အခြားအမှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - တင့်ဇော်ထွန်း

Other news