Loading...

◾️ မြန်မာနိုင်ငံအတွင်းရှိ ဘိန်းစိုက်ဧရိယာပမာဏ နှစ်နှစ်တာကာလအတွင်း လေးပုံတစ်ပုံကျဆင်း

2017-12-07

◾️ မြန်မာနိုင်ငံအတွင်းရှိ ဘိန်းစိုက်ဧရိယာပမာဏ နှစ်နှစ်တာကာလအတွင်း လေးပုံတစ်ပုံကျဆင်း

ဗန်ကောက်၊ ဒီဇင်ဘာ-၆

ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ဧရိယာပမာဏမှာ လေးပုံတစ်ပုံအထိ လျော့နည်းသွားပြီး ဘိန်းသုံးစွဲမှုနည်းလာသော်လည်း မီသမ်ဖက်တမင်းမူးယစ်ဆေးသုံးစွဲမှုနှုန်း မြင့်မားလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ရုံး (ယူအင်န်အိုဒီစီ)က ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ခန့်မှန်းထားသည်။

ယူအင်န်အိုဒီစီ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဒုတိယမြောက် ဘိန်းအများဆုံးထုတ်လုပ်သည့်နိုင်ငံအဖြစ် အရှေ့တောင်အာရှ၏ မီသမ်ဖက်တမင်းထုတ်လုပ်မှု အချက်အချာနယ်မြေအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်နယ်မြေပမာဏမှာ ၂၀၁၅ ခုနှစ်တွင် ဟက်တာပေါင်း ၅၅၀၀၀ အထိရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ဟက်တာ ၄၁၀၀၀ သာရှိတော့ရာ ဘိန်းစိုက်နယ်မြေပမာဏ လေးပုံတစ်ပုံအထိ ကျဆင်းခဲ့ကြောင်း ယူအင်န်အိုဒီစီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းသည် စစ်ရေးပဋိပက္ခများ မကြာခဏပေါ်ပေါက်တတ်သည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်များ၌ ဗဟိုပြုနေပြီး လက်နက်ကိုင်တိုက်ပွဲများ၊ တရားဥပဒေကင်းမဲ့မှုနှင့် တံခါးမရှိဓားမရှိ အလွယ်တကူ ဝင်ထွက်နိုင်သော နယ်စပ်များကြောင့် ဘိန်းဖြူ၊ မူးယစ်ဆေးပြားနှင့် အိုက်စ်ခေါ် မီသမ်ဖက်တမင်းပုံဆောင်ခဲများ အရောင်းအဝယ်လုပ်ငန်းများ အားကောင်းနေကြောင်း ယူအင်န်အိုဒီစီက သုံးသပ်ထားသည်။

ယူအင်န်အိုဒီစီ၏ အစီရင်ခံစာအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်းမှာ သိသိသာသာ ကျဆင်းခဲ့ပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ခန့်မှန်းခြေ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံနယ်စပ်ဒေသများသည် အာရှမီသမ်ဖက်တမင်း ထုတ်လုပ်မှုလုပ်ငန်း၏ အချက်အချာနယ်မြေများဖြစ်လာပြီး မီသမ်ဖက်တမင်း မူးယစ်ဆေးပြားများနှင့် အိုက်စ်ပုံဆောင်ခဲများကို စံချိန်တင်လောက်အောင်ထုတ်လုပ်နေကြောင်း ယူအင်န်အိုဒီစီ အစီရင်ခံစာ၌ သုံးသပ်ထားသည်။

မြန်မာနှင့် ထိုင်းရဲတပ်ဖွဲ့များသည် အမေရိကန်ဒေါ်လာသန်းနှင့်ချီရှိသည့် မီသမ်ဖက်တမင်းမူးယစ်ဆေးများကို ဖမ်းမိနေကြသော်လည်း ယင်းမူးယစ်ဆေးဝါးများအား ဒေသတွင်းဖြန့်ဖြူးပေးနေသည့် မူးယစ်ကွန်ရက်များနှင့် ၎င်းကွန်ရက်များ၏ နောက်ကွယ်မှ ခေါင်းဆောင်များကို ဖမ်းဆီးဖြိုခွင်းရန် ရုန်းကန်နေကြရဆဲဖြစ်သည်။

ဘိန်းစိုက်တောင်သူများအတွက် ဘိန်းအစားထိုးဝင်ငွေအရင်းအမြစ်များ ဖန်တီးပေးနိုင်ရေး၊ အခြားမူးယစ်ဆေးဝါးများ၏ ထုတ်လုပ်မှုကို ထိန်းချုပ်ရေးနှင့် မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ထုတ်လုပ်မှုလုပ်ငန်းသုံး အခြေခံဓာတုပစ္စည်းများဝင်ရောက်မှုကိုတားဆီးရေးတို့အတွက် များစွာဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေက ဝန်ခံထားသည်။