Loading...

◾️ ဆေးလ်ဗား ဒဏ်ရာရသည်ဟု ဂွါဒီယိုလာလိမ်ပြောကြောင်း မော်ရင်ဟိုခနဲ့ အိမ်ကွင်း ပွဲ ၄၀ ဆက်ရှုံးပွဲမရှိသော အသင်းစံချိန်ဟောင်းကို ပြန်လိ

2017-12-07

◾️ ဆေးလ်ဗား ဒဏ်ရာရသည်ဟု ဂွါဒီယိုလာလိမ်ပြောကြောင်း မော်ရင်ဟိုခနဲ့
အိမ်ကွင်း ပွဲ ၄၀ ဆက်ရှုံးပွဲမရှိသော အသင်းစံချိန်ဟောင်းကို ပြန်လိုက်မီ

မန်ယူနည်းပြမော်ရင်ဟိုက ပြိုင်ဘက်မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ အဓိကကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗား ဒဏ်ရာရနေကာ လာမည့်သီတင်းပတ်ကုန်တွင် မိမိတို့နှင့်ကစားရမည့် မန်ချက်စတာဒါဘီပွဲ၌ ပါဝင်နိုင်မည်မဟုတ်ဟု လိမ်လည်ပြောဆိုခဲ့ကြောင်း ဒီဇင်ဘာ ၆ ရက် စီအက်စ် ကေအေမော်စကိုနှင့် ချန်ပီယံလိဂ်အုပ်စု နောက်ဆုံး ပွဲစဉ်အပြီးတွင် ခနဲ့စကားဆိုခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က ဆေးလ်ဗားသည် ဒဏ်ရာကြောင့် ဒီဇင်ဘာ ၁၀ရက်၌ မန်ယူနှင့် ကစားရမည့်ပွဲစဉ်၌ ပါဝင်နိုင်ရန်မသေချာဟု ဂွါဒီယိုလာက ဖွင့်ပြောခဲ့ခြင်း ဖြစ်သည်။

ထိုပြောဆိုမှုနှင့်ပတ်သက်၍ မော်ရင်ဟိုက ဂွါဒီယိုလာကိုသာမက အာဆင်နယ်နည်းပြ၀င်းဂါးကိုပါ လိမ်ပြောကြသူများအဖြစ် ခနဲ့စကားဆို ခဲ့သည်။ 'ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေဟာ ဒီလိုကိစ္စမျိုးတွေ လုပ်လေ့ ရှိတယ်။ အရေးကြီးတဲ့ ကစားသမားတွေ ဒဏ်ရာရနေတယ်ပြောပြီး နောက်ဆုံးတော့ သူတို့အားလုံး ပွဲကစားဖို့ အသင့်ဖြစ်နေကြတာပဲ။ သူတို့မှာ အကောင်းဆုံး လူအင်အားရှိတယ်။ ကျွန်တော်တို့ကတော့ ပိုရိုးသားတယ်။ ကိုယ့်မှာ ပြဿနာရှိရင် ရှိတယ်ပဲ။ ဒဏ်ရာရသူတွေ ရှိတယ်ဆိုရင်လည်း တကယ်ရှိတာပဲ။ ကျွန်တော်က အမှန်ပဲပြောတယ်။ လာကာဇက်တီ ဒါမှမဟုတ် ဆေးလ်ဗားတို့ ဒဏ်ရာရနေကြတယ်ဆိုတဲ့ ပုံပြင်တွေလိုမလုပ်ဘူး။ အားလုံးအမှန်ပဲပြောတယ်။ ဘိုင်လေမပါနိုင်ဘူး။ ဖီးလ်ဂျုံးစ်အခွင့်အရေးရှိတယ်။ ဖယ်လိုင်နီ အခွင့်အရေးရှိတယ်။ မိုဗစ်ဆိုရင် အခွင့်အရေးအကြီးကြီး ရှိတယ်။ မာတစ်ဆို ဒဏ်ရာရနေတယ်။ ဒါပေမဲ့ သေချာပေါက် သူဝင်ကစားမယ်'ဟု ပြောကြားသွားခဲ့သည်။

မန်ယူအသင်းသည် ဒီဇင်ဘာ ၅ ရက်ညတွင် အိမ်ကွင်း၌ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲအဖြစ် စီအက်စ်ကေအေနှင့်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် စီအက်စ်ကေအေဘက်မှ ဗီတင်ဟိုက ပွဲချိန် ၄၅ မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့ပြီး မန်ယူအတွက် ဂိုးနှစ်ဂိုးကို လူကာကူနှင့် ရက်ရှ်ဖို့ဒ်တို့က ပွဲချိန် ၆၄ မိနစ်နှင့် ၆၆ မိနစ်တို့တွင် ၆၅ စက္ကန့်အတွင်း သွင်းယူပြီး အနိုင်ရရှိခဲ့ကာ အုပ်စုဗိုလ်အဖြစ် နောက် တစ်ဆင့်တက်လှမ်း သွားနိုင်ခဲ့သည်။ မန်ယူအသင်းသည် ထိုနိုင်ပွဲကြောင့် ဆာမတ်ဘက်စ်ဘီ လက်ထက်က အသင်းတင်ရှိနိုင်ခဲ့သည့် အိမ်ကွင်းပွဲ ၄၀ဆက် ရှုံးပွဲမရှိ စံချိန်ကို ပြန်လည်လိုက်မီခဲ့သည်။

သို့သော် မော်ရင်ဟိုက စံချိန်အတွက် ရည်ရွယ် ကစားခဲ့ခြင်းမဟုတ်ဘဲ ချန်ပီယံလိဂ်နောက်တစ်ဆင့် တွင်လည်း မည်သည့်အသင်းနှင့် ရင်ဆိုင်ရပါစေ ကိစ္စမရှိဟု ပြောဆိုခဲ့သည်။ 'မဲခွဲရင်ကျွန်တော်က ကံကောင်း တတ်တဲ့သူမဟုတ်ဘူး။ ဒါကြောင့် ဘယ်အသင်းနဲ့တွေ့ မလဲဆိုတာ ကြိုမတွေးထားဘူး။ သေချာတာကတော့ ကျွန်တော်တို့နဲ့ ရင်ဆိုင်တွေ့လို့ ပျော်မယ့်အသင်း မရှိ နိုင်ပါဘူး။ စံချိန်နဲ့ပတ်သက်လို့လည်း ထူးခြားပြီး ခံစားရတာ မရှိဘူး'ဟု ဖွင့်ဟသွားခဲ့သည်။



Other news