Loading...

◾️ အောင်သူနေရာတွင် လူစားထိုးရန် ခက်ခဲမှုများရှိနေ မြန်မာယူ-၂၃ နည်းပြချုပ် ဂတ်ဇီဆီပြောကြား

2017-12-07

◾️ အောင်သူနေရာတွင် လူစားထိုးရန် ခက်ခဲမှုများရှိနေ မြန်မာယူ-၂၃ နည်းပြချုပ် ဂတ်ဇီဆီပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ-၆

ထိုင်းဖိတ်ခေါ်ဖလားဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် ထိုင်းကလပ်အသင်းသို့ ပြောင်းရွှေ့ သွားသော တိုက်စစ်မှူးအောင်သူ၏နေရာတွင် လူစားထိုးရန် အခက်အခဲနှင့် ရင်ဆိုင်နေရဟု နည်းပြချုပ် ဂတ်ဇီဆီက ဒီဇင်ဘာ ၆ ရက်တွင် စံတော်ချိန်သို့ ပြောကြားသည်။

'အောင်သူမပါတဲ့ တိုက်စစ်ကို ပြန်ဖြည့်ဖို့က တော်တော်ခက်တယ်။ အားလုံးသိတဲ့အတိုင်း ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ အောင်ကောင်းမာန်တို့၊ သန်းပိုင်တို့လို ကျောက်ရုပ်ကြီးတွေကို မနည်းဆွဲတင်ရမယ်။ ယူ-၁၉ က ၀င်းနိုင်ထွန်းဆိုရင်လည်း ငယ်သေးတယ်။ အတွေ့အကြုံနဲ့ လိုအပ်ချက် တွေရှိသေးတယ်။ သူတို့ကို ထပ်ပြီးတော့ လေ့ကျင့်ဖို့လိုအပ်တယ်။ နောက်ပိုင်းတော့ တိုးတက်လာမှာပါ။ ထိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဗီယက်နမ်နဲ့ ပြန်တွေ့တယ်။ ပြီးခဲ့တဲ့နှစ်က အနိုင်ရခဲ့တဲ့အသင်းပါ။ အဲဒီတုန်းက အောင်သူပါတယ်။ အခုမပါတော့ လိုအပ်ချက်ရှိတယ် ဆိုပေမယ့် အကောင်းဆုံးကြိုးစားမှာပါ'ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ်(၁) ကလပ် Police Tero အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် တရားဝင်ပြောင်းရွှေ့ သွားသောကြောင့် မြန်မာ့လက်ရွေးစင်အသင်းကြီး ဖီဖာအသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲများ၌သာ ပါဝင်ခွင့်ရမည်ဖြစ်ပြီး သက်တမ်းအလိုက် လက်ရွေးစင်အသင်းများနှင့် ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ခွင့်မရတော့ပေ။

လာမည့် အသက် (၂၃)နှစ်အောက် ထိုင်းဖိတ်ခေါ်ပြိုင်ပွဲမှစတင်ကာ အောင်သူသည် ယင်းပြိုင်ပွဲများတွင် ပါဝင်ခွင့်မရတော့ကြောင်း သိရသည်။ လက်ရှိတွင် အောင်သူသည် Police Tero အသင်းနှင့် တရားဝင်စာချုပ် ချုပ်ဆိုထားပြီး ဒီဇင်ဘာ ၁၅ ရက်တွင် ယင်းအသင်း၏ ရာသီအကြို လေ့ကျင့်ခန်းအစီအစဉ်များတွင် စတင်ပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။

သတင်း - မင်းကိုဇင်