Loading...

◾️ အကယ်ဒမီထွန်းထွန်းနှင့် တွေ့ဆုံခြင်း

2017-12-07

◾️ အကယ်ဒမီထွန်းထွန်းနှင့် တွေ့ဆုံခြင်း

"ပရိသတ်အတွက် ရင်ဘတ်ထဲရောက်မယ့် ပညာပေးကားမျိုးတွေ ဒီနှစ်ထဲမှာ ရိုက်ဖြစ်တာများပါတယ်"

7 Sense Film Productionက ထုတ်လုပ်သော သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက် ပြင်ဦးလွင်တွင်ရိုက်ကူးထားသည့် 'ငယ်ပါသေးတယ်' ရုပ်ရှင် ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားသည့်အကြောင်း၊ ၂၀၁၇ ခုနှစ် အနုပညာလှုပ်ရှားမှု သုံးသပ်ချက်နှင့်စပ်လျဉ်း၍ အကယ်ဒမီထွန်းထွန်းနှင့် တွေ့ဆုံခိုက် မေးမြန်းခဲ့သည်-

မေး။ 'ငယ်ပါသေးတယ်' ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပါဦး။

ဖြေ။ ဒီဇာတ်ကားထဲမှာပါတဲ့ ကာရိုက်တာက အရမ်းကြီး Satire ပုံစံ မျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့သဘာဝကျကျနဲ့ နယ်မြေလူတန်းစား အလွှာလေးပေါ့။ ကျွန်တော်နဲ့နေနော်က ညီအစ်ကို။ အဖေက ဦးရန်အောင်ပါ။ အဲဒီပုံစံလေး သရုပ်ဆောင်ရမယ်။ ကာရိုက်တာအတွက်က အဓိကဇာတ် ညွှန်းလိုအပ်ချက်ပြီးရင် ဒါရိုက်တာသွန်သင်တဲ့အတိုင်း သရုပ်ဆောင်ရမယ်။

မေး။ အစ်ကို့အနေနဲ့ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေရှိရင် ပြောပါဦး။

ဖြေ။ အ၀တ်အစားပိုင်းကတော့ နယ်မှာနေတဲ့ လူတန်းစားအလွှာလေးပဲ။ ရိုးရိုးလေးပဲ ၀တ်မယ်။ သိပ်ပြီးတော့ အရမ်းကြီးပြင်ဆင်ရတဲ့ ကာရိုက်တာ မဟုတ်တော့ အဆင်ပြေပါတယ်။ Media-7 နဲ့က ဒုတိယဇာတ်ကားပါ။ ပထမကားက ကြောက်ကြောက်ကြောက် ရိုက်တယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ဒုတိယဇာတ်ကားမှာရိုက်ဖို့ အကြောင်းဖန်လာတယ်။ ထုတ်လုပ်သူဘက်ကလည်း ကျွန်တော့်ကို လိုလိုလားလားနဲ့ ကမ်းလှမ်း တယ်။

မေး။ အစ်ကိုက ဒါရိုက်တာကိုပေါက်နဲ့ ရိုက်ကူးတာ ပထမဆုံးလား။

ဖြေ။ ကျွန်တော်ကိုယ်တိုင်လည်း ဒါရိုက်တာကိုပေါက်နဲ့က အပြင်မှာသာ ခင်နေတာ။ ဒါရိုက်တာအနေနဲ့ သူ့ရဲ့လှုပ်ရှားမှုမှာ ပထမဆုံးကျွန်တော် သရုပ်ဆောင်တာလို့ ပြောလို့ရတယ်။ အဲဒါကြောင့် သရုပ်ဆောင်ဖြစ်ခဲ့ တယ်။ အဓိကက နှစ်ခုစလုံးကြောင့်ပေါ့။ ဇာတ်ကိုလည်း ကြိုက်တယ်။ ပြီးတော့ ကိုပေါက်ရိုက်တဲ့ဇာတ်ကားမှာ သရုပ်ဆောင်ချင်တာလည်း ပါတယ်။ ပြီးတော့ ဒီထဲမှာပါတဲ့အနုပညာ သမားတွေအကုန်လုံးက အပြင်မှာ ညီအစ်ကိုတွေလိုပေါင်းနေတဲ့ ချာတိတ်တွေလည်း ပါတယ် ဆိုတော့ သူတို့တွေနဲ့အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းတယ်။ ကိုပေါက်နဲ့က ဒီလောကထဲဝင်ကတည်းက ရင်းနှီးတာပါ။ ဦးကျော်ဟိန်းဆီမှာ စရိုက် ကတည်းက ကိုပေါက်နဲ့စကားတွေ ထိုင်ပြောရင်း ရင်းနှီးခဲ့တာပေါ့။ သူဒါရိုက်တာဖြစ်တဲ့အခါမှာ ကျွန်တော် အလုပ်မလုပ်ပါဘူး။ ကျွန်တော် အလုပ်တွေပြန်လုပ်ဖြစ်တဲ့ နှစ်အပိုင်းအခြားမှာမှ ရှေ့ပိုင်းနှစ်တွေမှာတောင် ဆုံဖို့ဟာကိုလွဲလွဲပြီး ဒီကားမှာမှ စဆုံဖြစ်တာပေါ့။

မေး။ ဒီရုပ်ရှင်ဇာတ်ကားက ပရိသတ်ကို ဘယ်လိုမက်ဆေ့ခ်ျတွေ ပေးထား လဲ။

ဖြေ။ ကျွန်တော်တို့ ဘယ်လိုပဲအတွေးအခေါ်တွေ မတူ၊ အာဃာတမတူလို့ မတည့်သူတွေ တစ်ရွာတည်းနေ လူတန်းစားတွေက တကယ်တမ်း ကိုယ့်နယ်အတွက် လိုအပ်လာတဲ့အခါမှာတော့ တကယ်စည်းလုံးကြတယ်။ စည်းလုံးဖို့လိုအပ်လာရင် စည်းလုံးရင်ကောင်းမယ်ဆိုတဲ့ ပုံစံလေး Message ပေးချင်တာပါ။

မေး။ အခုနောက်ပိုင်း ဇာတ်ကားရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီး ပြဿနာတွေ အနည်းငယ်တက်ကြတာ တွေ့ရတယ်ဆိုတော့ ဇာတ်လမ်းတွေကို ဘယ်လို ရွေးချယ်ရိုက်ကူးဖြစ်လဲ။

ဖြေ။ ဇာတ်လမ်းနဲ့ပတ်သက်ရင်တော့ ရုပ်ရှင်ထုတ်လုပ်ရေးတွေက ပေးလာတဲ့ ဇာတ်လမ်းပုံစံနဲ့ ဒါရိုက်တာတွေပေးလာတဲ့ ဇာတ်လမ်းပုံစံမှာ ကျွန်တော့်အသက်အရွယ်နဲ့ ကျွန်တော့်ကာရိုက်တာ ကိုယ်လုပ်နိုင်မယ် ဆိုရင် ရိုက်ဖြစ်တယ်။ ကျွန်တော် ကြိုးစားအားထုတ်မှု အပြည့်အ၀ပေးဆပ် နိုင်မယ်ဆိုတဲ့ ဇာတ်လမ်းတွေ အမြဲတမ်းလက်ခံရိုက်ကူးပါတယ်။ နောက်လည်း ဒီပုံစံမျိုးပဲ ရွေးချယ်ရိုက်ကူးသွားမှာပါ။

မေး။ နှစ်လည်း ကုန်တော့မယ်ဆိုတော့ ၂၀၁၇ ခုနှစ်ထဲမှာ ကိုယ့်ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုရှိလား။

ဖြေ။ ရှိပါတယ်။ ဒီနှစ်ထဲမှာ အနည်းဆုံးတော့ သရာစောထိတို့ဆို ကျွန်တော် ရိုက်ထားတာ ပြန်ကြည့်တော့ တော်တော်လေးသဘောကျတယ်။ ကိုယ့်ကားလေး ကိုယ်ပြန်ကြည့်ရတာ အဆင်ပြေတယ်။ အဲဒီလိုပရိသတ် အတွက် ရင်ဘတ်ထဲရောက်မယ့် ပညာပေးကားမျိုးတွေ ဒီနှစ်ထဲမှာ ရိုက်ဖြစ် လာတာများပါတယ်။ ဒီနှစ်ထဲမှာဆို ပထမဆုံးဟာသကားလို့တောင် ပြောလို့ ရပါတယ်။ ဇန်န၀ါရီလ ကနေ အခုချိန်အထိ ဟာသကားတစ်ခါမှ မရိုက်ခဲ့ရ သေးဘူး။ ဒါပထမဆုံး ဟာသကားလေးလို့ ပြောလို့ရပါတယ်။ ဟာသ ကားတွေ မရိုက်တာတော့ မဟုတ်ပါဘူး။ ဒီနှစ်ထဲမှာ အရိုက်နည်းတာပါ။

မေး။ အစ်ကိုတို့ Examplez အဖွဲ့အနေနဲ့ သီးသန့်ဖျော်ဖြေပွဲတွေရော လုပ်ဖို့ရှိမလား။

ဖြေ။ Examplez အနေနဲ့ကလုပ်ဖို့ အလှမ်းဝေးပါသေးတယ်။ ဘာလို့ဆို မအားကြဘူးလေ။ ကျန်တဲ့သူတွေကလည်း သူတို့အလုပ်နဲ့သူတို့။ ဒီအလုပ် ကလည်း အချိန်အနည်းနဲ့အများပေးရတော့ အဲဒါလေးက ညှိနှိုင်းလို့ နည်းနည်းအဆင်မပြေသေးဘူးဖြစ်နေတယ်။ ကျွန်တော်တို့အဖွဲ့ တကယ် ညှိနှိုင်းလို့အဆင်ပြေရင် ပရိသတ်ကို အသိပေးမှာပါ။

မေး။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်ကို ဖြည့်စွက်စကားရှိရင် ပြောပါဦး။

ဖြေ။ ဒီကားလေးမှာ လူအင်အားတော်တော်များတယ်။ မတွဲဖူးသေးတဲ့ အတွဲလေးတွေလည်းပါတယ်။ ကိုပေါက်ကိုယ်တိုင်လည်းရိုက်မှာဆိုတော့ ကိုပေါက်ရဲ့ဖန်တီးမှုကို လာရောက်ကြည့်ရှုအားပေးကြပါဦး။ ကျွန်တော်တို့ လည်း အများကြီးကြိုးစားအားထုတ်ထားပါတယ်။ ဒီကားပြီးရင်လည်း တခြားရိုက်ကူးမယ့်ကားတွေအများကြီး ရှိပါတယ်။

နဒီ-တွေ့ဆုံသည်။