Loading...

◾️ မြန်မာအလှူတော် မင်္ဂလာသံစဉ်များပါဝင်သော 'ရှင်လောင်းလှည့်ကြစို့' ဒီဗွီဒီကာရာအိုကေ ထွက်ရှိမည်

2017-12-07

◾️ မြန်မာအလှူတော် မင်္ဂလာသံစဉ်များပါဝင်သော 'ရှင်လောင်းလှည့်ကြစို့' ဒီဗွီဒီကာရာအိုကေ ထွက်ရှိမည်

ရန်ကုန်၊ ဒီဇင်ဘာ-၆

ရွှေတံဆိပ်ဆုရှင်များဖြစ်သော တေးသံရှင် ကျော်ကျော်ဟန်နှင့် သူဇာအောင် တို့၏ မြန်မာအလှူတော်မင်္ဂလာသံစဉ်များပါဝင်သော 'ရှင်လောင်းလှည့် ကြစို့' ဒီဗွီဒီကာရာအိုကေ သီချင်းခွေကို ဒီဇင်ဘာ ၁၂ ရက်တွင် ထင်းရှူးရိပ် တေးသံသွင်းက ဖြန့်ချိမည်ဖြစ်သည်။ ယင်းသီချင်းခွေ စာနယ်ဇင်းမိတ်ဆက် ပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အော့ကစ် ဟိုတယ်၌ ကျင်းပသည်။

'ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့အစ်ကိုတွေ၊ အစ်မတွေလည်း အရင်ထွက်နေတဲ့ အခွေနာမည်တွေနဲ့မတူအောင် ဒီနာမည်လေး ပေးဖြစ်တာပါ။ သီချင်း ဟောင်းသုံးပုဒ်နဲ့ ကျန်တာအားလုံးက သီချင်းသစ်တွေ ထည့်ထားတာပါ။ ခေါင်းစဉ်သီချင်းကို ကိုကျော်ကျော်က ရေးပေးတာပါ'ဟု တေးသံရှင် သူဇာအောင်က ပြောဆိုသည်။

အဆိုပါသီချင်းခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်ပြီး တေးရေးဆရာ အလင်္ကာ ကျော်စွာရွှေတိုင်ညွန့်၊ ဂီတလုလင်မောင်ကိုကို၊ လင်းခေးလုလင်၊ ပန်တျာ ကျော်ဇော၊ အဆိုတော်ကျော်ကျော်ဟန်တို့က ပါဝင်ရေးသားထားကြသည်။ ဒါရိုက်တာ လှဆန်းဦး (ခံစား ပုံဖော်သည်)က LiveShow ပုံစံရိုက်ကူး ပုံဖော်ထားကာ ဂီတမှူး လူမှုထူးချွန်ပထမဆင့် နိုင်ငံကျော်စိန်စတင်း၊ ဖိုးသင်္ကြန်နှင့်စောင်းကို (ကျွန်းချောင်း)ကိုမြင့်လှိုင်၊ လှိုင်ဝင်းမောင် (မကွေး)တို့က တီးခတ်ပေးထားသည်။ ယင်းအခွေရောင်းချမှုမှ ရရှိသော အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို အမျိုး၊ဘာသာသာသနာအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - နဒီ


Other news