Loading...

◾️ မြန်မာ့ပထမဦးဆုံး လေထီးမယ်ဒေါ်မြရီ

2017-12-07

◾️ မြန်မာ့ပထမဦးဆုံး လေထီးမယ်ဒေါ်မြရီ

မမြရီရဲ့ ဟန်းနီးမွန်းခရီးက ရခိုင်ရိုးမထဲမှာ မှက်ကိုက်၊ ခြင်ကိုက်၊ ငုတ်စူး၊ ဆူးခြစ်နဲ့ သားရဲတို့ရဲ့ ကြောက်မက်ဖွယ်ဟိန်းသံ၊ ဟောက်သံတွေကြားထဲမှာ ကြည်နူးပျော်ရွှင်မှုတွေ ဘယ်ဆီဘယ်ဝယ်မှန်း မသိနဲ့ ထိခိုက်ဒဏ်ရာဗရပွနဲ့ မသေရုံတမည်
ကျော်ဖြတ်လာခဲ့ရတာပါ။

ကျွန်တော် မိတ္ထီလာကလေးစာပေပွဲတော် ရောက်နေတုန်း ကျောက်ဆည်က မိတ်ဆွေကြီး ဦးတင်စိန်က ဖုန်းလှမ်းဆက် ပါတယ်။

'ငါ့တူရေ ဘွားဘွားကြီးဆုံးတာ ခုနစ်နှစ်ပြည့်ပြီ။ အဲဒါ ဘွားဘွားကြီးကိုရည်စူးပြီး ဆွမ်းကပ်ချင်တယ်။ ဘွားဘွားကြီး အမှတ်တရပွဲလေးလည်း လုပ်ချင်သေးတယ်။ အဲဒါတိုင်ပင်ရအောင် မင်း ကျောက်ဆည်ကိုပြန်ရောက်ရင် လာခဲ့ပါဦး'ဆိုလို့ ကျွန်တော် ကျောက်ဆည်ပြန်ရောက်ရောက်ချင်း လေးလေးဦးတင်စိန်ရဲ့အိမ်ကို အပြေးအလွှားသွားလိုက်ပါတယ်။

တကယ်တော့ ဘွားဘွားကြီးဆိုတာ အခြားသူ မဟုတ်ပါဘူး။ ဂျပန်ကို ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ခဲ့တဲ့ မြန်မာ့ ပထမဦးဆုံး အမျိုးသမီးလေထီးသူရဲကောင်းတစ်ဦးပါ။ နောက်ပြီး ကျွန်တော့်ရဲ့ ပထမဦးဆုံးသော '၀'လုံးလေးကို ဘယ်လိုဝိုင်းအောင် ရေးရတယ်ဆိုတာ သင်ပြခဲ့တဲ့ ကံ့ကူလက်လှည့် ဆရာမကြီးတစ်ဦးပါ။ ကျွန်တော် မူကြိုကျောင်းသား အရွယ်မှာ ကျွန်တော့်ကို '၀'လုံးလေးတွေ ရေးတတ်အောင် သင်ပေးခဲ့တဲ့ဆရာမကြီးဟာ တကယ့်ကို နိုင်ငံအတွက် စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ခဲ့တဲ့ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်ဆိုတာ မသိခဲ့ဘူး။

နောင်တစ်ချိန်အရွယ်ရောက်လာတော့မှ ငါ့ကိုတစ်ချိန်က စာသင်ပေးခဲ့တဲ့ ဘွားဘွားကြီးဒေါ်မြရီက တကယ့်ကိုကြည်ညို လေးစားထိုက်တဲ့ သူတစ်ဦးပါလားဆိုတာသိလာပြီး ဘွားဘွားကြီးရဲ့ တပည့်ဖြစ်ခဲ့ဖူးတာကို ဂုဏ်ယူမိလာတယ်။ နောက် ငါနေတဲ့ မြို့ကလေးက အာဏာရှင်ကိုသာ မွေးထုတ်ပေးခဲ့တာမဟုတ်ဘူးကွ။ ခုလိုစွန့်လွှတ်အနစ်နာခံတဲ့ သူရဲကောင်း တွေလည်း မွေးဖွားခဲ့တယ်ဆိုပြီး မြို့ကလေးအတွက်လည်း ဖြေသိမ့်နိုင်ခဲ့တယ်။

ဘွားဘွားဒေါ်မြရီက၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက်က ဆုံးသွားတာ။ အခုဆို ခုနစ်နှစ်ရှိသွားပြီ။ ဘွားဘွားကြီးဆုံးတော့ အသက်က (၉၃)နှစ်ဆို တော့ ခုနေများ ဘွားဘွားကြီးရှိနေသေးမယ်ဆိုရင် အသက်(၁၀၀)ရှိပါရောလား။ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ မထင်မရှားသူရဲကောင်းတွေ၊ မှတ်တမ်းမှတ်ရာတင်ကျန်မနေရစ် ခဲ့တဲ့ သူရဲကောင်းတွေ၊ အညတရသူရဲကောင်းတွေ မြန်မာပြည်ကြီးမှာ အများကြီးရှိနေဦးမှာပါ။

ဘွားဘွားကြီးဒေါ်မြရီကိုတော့ လေထီးဒေါ်မြရီဆိုပြီး သိသူများကြတယ်။ ဒါပေမဲ့ ကွန်မြူနစ်ခေတ်မှာ တောခိုခဲ့တဲ့ လေထီးဒေါ်မြရီရဲ့ သမိုင်းကြောင်းက အာဏာရှင်တွေရဲ့လက်ထက်မှာ မထင်မရှားနဲ့ဘဲ လျှို့ဝှက်စွာ၊ သိုသိပ်စွာနေထိုင်ရင်း ဘ၀ကို သမားရိုးကျ ရှင်သန်ဖြတ်သန်းခဲ့ရတယ်။

ဒေါ်မြရီကို ၁၉၁၈ ခုနှစ် ဧပြီ ၁၁ရက် ကြာသပတေးနေ့မှာ အဖဦးစံသိန်း၊ အမိဒေါ်ဇုံတို့က ကျောက်ဆည်မြို့ ဈေးတန်းရပ် နေအိမ်မှာမွေးဖွားခဲ့တာပါ။ မွေးချင်းသုံးယောက်မှာ အကြီးဆုံးဖြစ်ပြီး ညီမလေးတစ်ယောက်နဲ့ မောင်လေးတစ်ယောက် ရှိပါတယ်။

ဒေါ်မြရီက ၁၉၃၈ ခုနှစ်မှာ မူလတန်းကျောင်းဆရာမအဖြစ် အစိုးရအမှုထမ်းဘ၀ကို စတင်ခဲ့ပါတယ်။ ကျောက်ဆည်မြို့ ဈေးတန်းရပ်မ ဒို့ဗမာအစည်းအရုံးကြီးကို စတင်ထူထောင်ကြတော့ ၀န်ထမ်းဖြစ်နေတဲ့အတွက် ၀င်ခွင့်မရခဲ့ပေမယ့် နောက်ကွယ်ကနေ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ မြ၀တ်ရည်ကလောင်အမည်နဲ့လည်း စာစောင်တွေမှာ စာတွေရေးသား ခဲ့ပါတယ်။ ဒေါ်မြရီက နဂါးနီအသင်းကြီးရဲ့ အသင်းဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒေါ်မြရီဟာ ၀န်ထမ်းဖြစ်နေတာကြောင့် တရားဝင်သခင်မဖြစ်ခွင့် မရခဲ့ပေမယ့် အများက သခင်မအဖြစ် သတ်မှတ်ခဲ့ကြတဲ့အတွက် သခင်မမြရီဆိုပြီး ဖြစ်လာခဲ့တယ်။

တကယ်တော့ မမြရီ တပ်မတော်ကို ၀င်ရောက်ခဲ့တဲ့အချိန်ဟာ တကယ့်ကို ငယ်ရွယ်နုပျိုလန်းဆန်းတက်ကြွနေတဲ့ အရွယ်မှာပါ။ သူများတကာတွေ ကွမ်းတောင်၊ ပန်းတောင်ကိုင်နေတဲ့အချိန် မမြရီက သေနတ်ကိုင်တော်လှန်ဖို့ကို စိတ်အားထက်သန်နေခဲ့တယ်။ ကျောက်ဆည်မြို့နယ်ထဲက ပင်တလည်ရွာကို ဂျပန် စစ်တပ်တွေဝင်လာတဲ့အခါမှာ ဂျပန်စစ်သားတွေက ပစ္စည်းယူ၊ လူသတ်၊ ရွာကိုမီးရှို့၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်စော်ကားတာတွေကို ကိုယ်တိုင် မြင်ခဲ့ရတဲ့အချိန်မှာ ဂျပန်တွေကို အရွံကြီးရွံ၊ အမုန်းကြီးမုန်းပြီး ဒီဖက်စစ်ဂျပန်တွေကို တွန်းလှန်တော်လှန်မှ ဖြစ်တော့မယ် ဆိုတဲ့အသိက မမြရီရဲ့နှလုံးသားနုနုထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။

အဲဒီအချိန်က ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)က ဂျပန်ကိုတော်လှန်ဖို့ လှုံ့ဆော်စည်းရုံးနေချိန်ဆိုတော့ စည်းရုံးရေး လုပ်ငန်းတွေကို လက်လှမ်းမီသလောက် လျှို့ဝှက်စွာနဲ့ဝင်ရောက် လုပ်ကိုင်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်း BIA ကနေ BDAကို ပြောင်းလဲဖွဲ့စည်းလိုက်တော့ ကျောက်ဆည်ခရိုင်တာဝန်ခံအနေနဲ့ တပ်သားစုဆောင်းရေးတာဝန်တွေကို ယူပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ အာရှလူငယ်ခရိုင်အမျိုးသမီးဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေတဲ့အချိန် ဖြစ်တယ်။

အဲဒီအကြောင်းတွေကို ဂျပန်စစ်တပ်က ရိပ်မိသွားတော့ မမြရီက ကျောက်ဆည်ကနေ မန္တလေးတို့၊ အမရပူရတို့ဘက်ကို ထွက်ခွာသွားပြီး စည်းရုံးရေးတွေ၊ ဖက်စစ်ဂျပန်တော်လှန်ရေးသင်တန်းတွေကို လျှို့ဝှက်စွာလုပ်ကိုင်သင်ကြားပို့ချခဲ့တယ်။ နောင် တကယ်လို့များ ဂျပန်စစ်တပ်က ဖမ်းမိလို့ သူ့ကိုစော်ကားလာခဲ့ရင် ဓားနဲ့ထိုးမယ်။ ပြီးရင် ကိုယ်လည်း အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မယ်ဆိုပြီး သွားလေရာကို ဓားမြှောင်တစ်ချောင်းနဲ့ အဆိပ်ပုလင်းတစ်ပုလင်း ကို ကိုယ်နဲ့မကွာ အမြဲဆောင်ယူထားတယ်။ မမြရီက ငယ်ပင်ငယ်ရွယ်သော်ငြား သူ့အသက်ထက် တိုင်းပြည်လွတ်လပ်ရေး ရဖို့အတွက် ဖက်စစ်ဂျပန်ကို တော်လှန်ဖို့က ပိုအရေးကြီးတယ်လို့ ခံယူချက်ပြင်းထန်ကြီးမားခဲ့သူဖြစ်တယ်။

၁၉၄၃ ခုနှစ်ထဲမှာ မမြရီအိမ်ထောင်ကျတယ်။ အိမ်ထောင် ကျတယ်ဆိုတာလည်း အဆန်းကြီးတော့မဟုတ်ဘူး။ ရိုးရိုးလေးပဲ။ အဲဒီအချိန်မှာ အိန္ဒိယမှာ လေထီးသင်တန်းတက်ရောက်ဖို့အတွက်ကို မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ဖို့အတွက် ပထမဆုံး သခင်တင်ရွှေနဲ့ သခင်သိန်းဖေ (စာရေးဆရာသိန်းဖေမြင့်)တို့က သွားရောက် ဆက်သွယ်ခဲ့တယ်။ အင်္ဂလိပ်တွေနဲ့ မြန်မာ့တော်လှန်ရေးသမားတွေကို လေထီးသင်တန်းသင်ကြားပေးဖို့ ဆွေးနွေးခဲ့တယ်။ ပြီးတော့ သဘောတူညီမှုရယူနိုင်ခဲ့ ပေမယ့် အင်္ဂလိပ်က သခင်သိန်းဖေကို အပေါင်အဖြစ်နဲ့ ဖမ်းပြီးထားခဲ့တယ်။ တကယ်လို့ သူတို့နဲ့ဆွေးနွေးမှုမှာ တစ်ခု တစ်စုံတစ်ရာ အလွဲအချော်ဖြစ်ခဲ့မယ်ဆိုရင် သခင်သိန်းဖေက သူတို့လက်ထဲမှာရှိနေတယ်။ သူတို့ကြိုက်သလို စီရင်မယ် ဆိုတဲ့သဘောပေါ့။ အဲဒီမှာ သခင်တင်ရွှေက သခင်သိန်းဖေကိုထားခဲ့ပြီး အိန္ဒိယကနေ မြန်မာပြည်ကို ပြန်ဝင် လာခဲ့တယ်။

တကယ်တော့ သခင်တင်ရွှေနဲ့ သခင်မမြရီတို့က ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေ။ တိုင်းရေးပြည်ရေးအခြေအနေ တွေကြောင့် သူတို့နှစ်ယောက်က ချစ်လိုလျက်နဲ့ ဝေးနေကြရတာ နှစ်နှစ်တာရှိသွားခဲ့ပြီ။ အဲဒီအချိန်မှာပဲ သခင်တင်မြက လာခေါ်လို့ မမြရီက ကျောက်ဆည်ကနေ ရန်ကုန်ကိုလိုက်ပါသွားခဲ့ရတယ်။ ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးအတွက် သခင်သန်းထွန်း၊ သခင်စိုး၊ သခင်နုတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။

နောက် မထင်မှတ်ဘဲ ကျိုက်လတ်မြို့နယ်ထဲက ညောင် ချောင်းရွာတောတဲလေးတစ်ခုမှာ သခင်တင်ရွှေနဲ့ သခင်မမြရီတို့ ပြန်ဆုံတွေ့ခဲ့ကြတယ်။ သူတို့နှစ်ယောက်အကြောင်းကို ရဲဘော် ရဲဘက်တွေကလည်း အကုန်လုံးသိထားပြီးကြပြီမို့ သခင်စိုးကပဲ ကမကထလုပ်ပြီး သခင်တင်ရွှေနဲ့ သခင်မမြရီတို့ကို အဲဒီတောတဲ လေးထဲမှာပဲ ပုဆိုးတန်းတင် လင်မယား အဖြစ် လက်ထပ်ထိမ်းမြား ပေးခဲ့တယ်။ အတူရှိနေတဲ့ ရဲဘော်ရဲဘက်တွေကို ဘဲငါးကောင် ချက်ကျွေးပြီး မင်္ဂလာပွဲကို အကျဉ်းချုံးကျင်းပပေးခဲ့လိုက်တယ်။

သခင်တင်ရွှေက အိန္ဒိယကိုပြန်ဖို့ ချိန်းထားတဲ့ရက်ကလည်း နီးကပ်လာတယ်။ ဒီမှာရှိနေတဲ့ လေထီးသင်တန်းတက်မယ့် ရဲဘော်တွေနဲ့က အချိတ်အဆက်တွေလုပ်ပြီးတဲ့အခါမှာ သခင်တင်ရွှေက အိန္ဒိယကို သခင်သိန်းဖေနဲ့ တွေ့ဆုံဖို့ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ အဲဒီမှာ ပူပူနွေးနွေးမယားအလှလေး မြရီကပါ ယောင်နောက် ဆံထုံးပါခဲ့တယ်။ ယောင်နောက်ဆံထုံးပါ တယ်ဆိုပေမယ့် သာသာယာယာတော့ မဟုတ်ခဲ့လေဘူး။ သူတို့ အင်္ဂလိပ်နဲ့ ဆက် သွယ်နေတယ်ဆိုတာကို ဂျပန်တွေ မရိပ်မိအောင် ရခိုင်ရိုးမကို ခဲရာခဲဆစ်ဖြတ်ကျော်ပြီး အင်္ဂလိပ်စစ်သင်္ဘောနဲ့ ချိန်းဆိုထားရာ ဘောမိချိုင်ကို အရောက်သွား ခဲ့ကြရတာပါ။ လမ်းပြအဖြစ် လိုက်ပို့ ပေးခဲ့တဲ့သူတွေကို နှုတ်ဆက်ပြီး သခင်တင်ရွှေ၊ သခင်မမြရီနဲ့ သခင်ညိုထွန်းတို့ဟာ ဒက်စတွိုင်းယားသင်္ဘောကြီးနဲ့ အိန္ဒိယကို ထွက်ခွာလာခဲ့ကြပါတယ်။

မမြရီရဲ့ ဟန်းနီးမွန်းခရီးက ရခိုင်ရိုးမထဲမှာ မှက်ကိုက်၊ ခြင်ကိုက်၊ ငုတ်စူး၊ ဆူးခြစ်နဲ့ သားရဲတို့ရဲ့ ကြောက်မက်ဖွယ်ဟိန်းသံ၊ ဟောက်သံတွေကြားထဲ မှာ ကြည်နူးပျော်ရွှင်မှုတွေ ဘယ်ဆီဘယ်ဝယ်မှန်းမသိနဲ့ ထိခိုက်ဒဏ်ရာဗရပွနဲ့ မသေရုံတမည် ကျော်ဖြတ်လာခဲ့ရတာပါ။

သင်္ဘောသုံးကြိမ်ပြောင်းစီးပြီးတဲ့အခါကျမှ စစ်တကောင်းကို ရောက်ခဲ့ကြတယ်။ အဲဒီကမှ စစ်မြို့တော်မီရတ်ကို လေယာဉ်နဲ့ ဆက်သွားပြီး သခင်သိန်းဖေမြင့်နဲ့ တွေ့ဆုံခဲ့တယ်။ နောက် မြန်မာပြည်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တွေထံကို ရေဒီယို ကနေ စကားဝှက်နဲ့ 'ဖိုးယုံတို့ မိဂဒါဝုန်ကိုရောက်ပြီ'ဆိုပြီး လှမ်းပို့ခဲ့တယ်။ ဖိုးယုံဆိုတာ သခင်တင်ရွှေရဲ့နာမည်။ သခင်မမြရီရဲ့ နာမည်ကျတော့ မခင်စီတဲ့။ ဖိုးယုံနဲ့ မခင်စီတို့ရဲ့ ပျားရည်ဆမ်းခရီးကတော့ တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်း နေခဲ့တယ်။

အချိတ်အဆက်တွေ အားလုံးရပြီးတဲ့အခါမှာ မြန်မာပြည်က တော်လှန်ရေးရဲဘော်တွေလည်း တသုတ်ပြီးတသုတ် လေထီး သင်တန်းတက်ရောက်ဖို့ ရောက်လာကြတယ်။ လေထီးသင်တန်းကို အိန္ဒိယနဲ့ သီရိလင်္ကာမှာ စစ်သင်တန်းအနေနဲ့ သင်ကြားပို့ချပေးခဲ့တယ်။ သင်တန်းဆင်းပြီးတဲ့ ရဲဘော်တွေကို မဟာမိတ်အဖွဲ့တွေနဲ့ အတူတွဲပြီး မြန်မာပြည်ကို လေထီးဆင်းစေခဲ့တယ်။ ၁၉၄၅ ခုနှစ် သြဂုတ် ၁၅ ရက်မှာ ဂျပန်က လက်နက်ချလိုက်တော့ ဒုတိယကမ္ဘာ စစ်ကြီးပြီးဆုံး သွားတယ်။ သခင်မမြရီခေါ် လေထီးဒေါ်မြရီဟာ ပထမဦးဆုံးရတဲ့ သားဦးလေး မောင်စိုးသိန်းကို ရင်မှာပိုက်ပြီး အောက်တိုဘာ ၁၇ ရက်မှာ သခင်သိန်းဖေ၊ သခင်တင်ရွှေ၊ ကိုဘစော၊ မောင်ကြည်၊ မန်းဝင်းမောင်တို့နဲ့အတူ အိန္ဒိယကနေ လေယာဉ်နဲ့ မြန်မာပြည်ကိုပြန်လာခဲ့တယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ငြိမ်သက်ခြင်းမရှိခဲ့ဘူး။ အယူဝါဒတွေ၊ ဂိုဏ်း ဂဏတွေ၊ နိုင်ငံရေးလက်ခံယုံကြည်မှုတွေ အမျိုးမျိုးကွဲပြားခြား နားကုန်ကြတယ်။ ကွန်မြူနစ်ဝါဒတွေ၊ လက်ဝဲ၀ါဒီတွေ ထွန်းကား လာကြတယ်။ ကွန်မြူနစ်တွေက တောခိုကုန်ကြတယ်။ ၁၉၄၈ မတ်လ ၂၈ ရက်မှာ သခင်တင်ရွှေနဲ့အတူ သခင်မကြီးဒေါ်မြရီဟာ တောခိုဖို့ လိုက်ပါသွားခဲ့တယ်။ တောထဲမှာပဲ သခင်တင်ရွှေကို သက်တော်စောင့်ဖြစ်တဲ့ ကိုယ်ရံတော်မောင်သောင်းက နောက်ကနေ သေနတ်နဲ့ပစ်ပြီးလုပ်ကြံခဲ့လို့ သခင်တင်ရွှေ ကျဆုံးသွားခဲ့ရတယ်။ အဲဒီနောက်မှာ သခင်မကြီးဒေါ်မြရီဟာ ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့တယ်။

သခင်မကြီးဒေါ်မြရီဟာ ၀န်ကြီးချုပ်ဦးနုရဲ့အစီအစဉ်နဲ့ ကျောင်းဆရာမ ပြန်လုပ်ခွင့်ရခဲ့တယ်။ ရပ်ကွက်စားသုံးသူ သမ၀ါယမအသင်းမှာ သုံးကြိမ်တိတိ အရွေးခံခဲ့ရပြီး ခြောက်နှစ်တိတိ တာဝန်ယူလုပ်ကိုင်ပေးခဲ့တယ်။ မဆလခေတ်မှာ မြို့နယ်တရား စီရင်ရေးနာယက၊ အယသုံးလုံးလုပ်ငန်းမှာ ၁၄တိုက်နယ်ဥက္ကဋ္ဌ၊ ပညာရေးအစည်းရုံးမှာ ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှာ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးခဲ့တယ်။ အသက် (၆၀)မှာ ပင်စင်ယူခဲ့ပြီး တရားစခန်းတွေမှာ တရားအားထုတ်ရင်း တရားဓမ္မနဲ့ပဲ ပျော်မွေ့နေခဲ့တယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကယုတ်လျော့လာတယ်။ လျှောက်ရင်း၊ လဲရင်းနဲ့ ခန္ဓာမှာ ခုနှစ်ကြိမ်တိတိကျိုးခဲ့တယ်။ နောက်ပိုင်းမှာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘူးဖြစ်သွားတယ်။

သခင်မကြီးဒေါ်မြရီ အိပ်ရာကမထနိုင်တော့တဲ့အချိန်မှာ ၂၀၀၈ အခြေခံဥပဒေကြီးကို ထောက်ခံလက်မှတ်ရေးထိုးပေးဖို့ အတွက် ရပ်ကွက်လူကြီးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေက ဒေါ်မြရီကို ထောက်ခံမဲပေးဖို့ အိမ်တိုင်ရာရောက် ရောက်လာခဲ့ပါတယ်။ အမေဒေါ်မြရီက ထောက်ခံတာ ဒီလိုလေးလားဆိုပြီး ထောက်ခံမဲပေးရမယ့် စာရွက်ပေါ်မှာ ကြက်ခြေခတ်ပေးလိုက်ပါ တော့တယ်။ ဒီလိုလာလုပ်လို့ ဘယ်ရလေမလဲ။ ခေတ်အဆက်ဆက် သမိုင်းကြောင်းကို ထုံးလိုချေ၊ ရေလိုနှောက်ပြီး ဖြတ်သန်းလာခဲ့တဲ့သူ။ ဘယ်အရာက ပြည်သူ့အတွက်အကျိုးရှိမယ်၊ ဘယ်အရာက ပြည်သူကို အကျိုးယုတ်စေမယ်ဆိုတာ အမေဒေါ်မြရီတို့က ကောင်းကောင်းနားလည်ပြီးသား။

နေအိမ်မှာပဲ စာဖတ်လိုက်၊ ပုတီးလေးစိပ်လိုက်၊ တရားလေးမှတ်လိုက်၊ ရေဒီယိုလေးနားထောင်လိုက်နဲ့ အမေဒေါ်မြရီဟာ မီးစာကုန်ဆီခန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီ ၃၅ မိနစ်မှာ လူကြီးရောဂါနဲ့ပဲ ဘ၀တစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့ပါတယ်။ လေထီးမယ်သခင်မကြီး ဒေါ်မြရီရဲ့ နောက်ဆုံးရုပ်ကလာပ်ကို ၁၁-၁၂ -၂၀၁၀ မွန်းတည့် ၁၂ နာရီမှာ နေအိမ်မှာ သရဏဂုံတင်ပြီး ညနေ ၃ နာရီမှာ ကျောက်ဆည်မင်းမွေးတောင်သုသာန်ကို ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

သခင်မကြီးဒေါ်မြရီရဲ့ နောက်ဆုံးခရီးကို ကျန်ရှိနေသေးတဲ့ သခင်မကြီးရဲ့ ရဲဘော်ရဲဘက်တချို့နဲ့ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့သူတွေ၊ စာပေနယ်က ထင်ရှားကျော်ကြားတဲ့သူတွေ၊ ကျောက်ဆည်မြို့က အမေ့ကိုချစ်ကြတဲ့ နိုင်ငံရေး သမားတွေ၊ စာပေသမားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ဆရာမကြီးရဲ့ တပည့်တပန်းတွေ၊ မြို့ခံပြည်သူတွေနဲ့အတူ ကျန်ရစ်သူမိသားစုက လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ လေထီးမယ်ဒေါ်မြရီကွယ်လွန်ချိန်မှာ သားတစ်ယောက်၊ သမီး နှစ်ယောက်၊ မြေး ကိုးယောက်၊ မြစ် လေးယောက် ကျန်ရှိခဲ့ပါတယ်။

လေထီးမယ် ဒေါ်မြရီကို ၁၉၁၈ ခုနှစ် ဧပြီ ၁၁ ရက်မှာ မွေးဖွားခဲ့တာကြောင့် လာမယ့် ၁၁-၄-၂၀၁၈ ဆိုရင် အသက် (၁၀၀) တိုင်တိုင် ပြည့်ခဲ့ပါပြီ။ အခု ၉-၁၂-၂၀၁၇ မှာတော့ သခင်မကြီး တိမ်းပါးခဲ့တာ ခုနစ်နှစ်တိုင်ခဲ့ပါပြီ။ သခင်မကြီးဒေါ်မြရီကို လွမ်းဆွတ်အောက်မေ့သတိရတဲ့အနေနဲ့ သခင်မကြီးရဲ့ ရာပြည့်အကြို အမှတ်တရဂုဏ်ပြုပွဲကို ကျောက်ဆည်မြို့ ဖောင်ရွာရပ်ဝေဘူလမ်း 'ရတနာသိမ်ကျောင်းတိုက်'မှာ ကျန်ရစ်သူမိသားစုနဲ့အတူ လေထီးမယ်ဒေါ်မြရီကို အောက်မေ့သတိရသူများက ပူးပေါင်းပြုလုပ်ပါမယ်။

အဲဒီနေ့မှာ သခင်မကြီးဒေါ်မြရီရဲ့ ရာပြည့်အထိမ်းအမှတ်အဖြစ် အောက်မေ့လွမ်းဆွတ်ဖွယ်ရာများ ပြန်လည်ဟောပြောခြင်း၊ အမှတ်တရ ကဗျာရွတ်ဆိုခြင်း၊ အမှတ်တရပန်းချီကာတွန်းများ၊ မှတ်တမ်းဓာတ်ပုံများ ပြသခြင်းတို့ ပါဝင်မှာဖြစ်တာကြောင့် ဖိတ်စာရသည်ဖြစ်စေ၊ ဖိတ်စာမရသည်ဖြစ်စေ လေထီးမယ်သခင်မကြီး ဒေါ်မြရီကို ချစ်ခင်လေးစားသူများအားလုံး ပါဝင် တက်ရောက်ပေးကြဖို့ ဤဆောင်းပါးနှင့်အတူ ကျန်ရစ်သူမိသားစုကိုယ်စား ခင်မင်လေးစားစွာဖြင့် အသိပေးဖိတ်ကြား လိုက်ရပါတယ်။

မှီငြမ်း-
(၁) စစ်အတွင်းခရီးသည်-သိန်းဖေမြင့်။
(၂) ကျွန်မနဲ့ လေထီးအုန်းမောင်-ဒေါ်မြရီ (မခင်စီ)။
(၃) အားလုံးကိုနှုတ်ဆက်သွားသော လေထီးဒေါ်မြရီ-မင်းဒင်။
(၄) အမျိုးသမီးအာဇာနည်
ကျောက်ဆည်ဒေါ်မြရီ-ကြည်ကိုလွင် (ကျောက်ဆည်)။

ကာတွန်းဖောင်းဖောင်း - ရေးသည်။

Other news
  • ◾️ မြန်မာ့ပထမဦးဆုံး လေထီးမယ်ဒေါ်မြရီ